တရုတ်-မြန်မာ နယ်စပ် မန်စီလေဆိပ်တွင် သွင်းကုန်ပို့ကုန် ငွေပမာဏမှာ ယွမ် ၁၀ သန်း ကျော်ရှိ

2024-01-03 19:06:10
အရင်းအမြစ်:云南网、德宏芒市机场等

ယခုရက်ပိုင်းတွင် အလေးချိန် ၃.၇၅ တန်ရှိသော ပို့ကုန်တစ်သုတ်ကို ကူမင်းအကောက်ခွန်ဌာန လက်အောက်ရှိ မန်စီအကောက်ခွန်ဌာနမှ အရာရှိများသည် ကြီးကြပ်စစ်ဆေးပြီး ထုတ်ပေးသည့် လုပ်ငန်းစဉ်များ ပြီးစီးဆောင်ရွက်ကာ တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ UB812 လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ တယ်ဟုန် မန်စီလေဆိပ် သည် ယခုနှစ် သြဂုတ်လတွင် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းဆောင်တာများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်အထိ သွင်းကုန်ပို့ကုန်ပစ္စည်းစုစုပေါင်း ၁၃၁.၇ တန်ပို့ဆောင်ခဲ့ကာ ကုန်စည် တန်ဖိုးမှာ ယွမ် ၁၀ သန်းကျော် ရှိပါသည်။

“ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ လေဆိပ်မှာ သွင်းကုန်ပို့ကုန် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေတာ ၅ လကျော်ရှိပါပြီ။ အကောက်ခွန်ဌာနက စီးပွားရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုတွေ၊ သွင်းကုန်နဲ့ ပို့ကုန် ပို့ဆောင်ရေးအဆင့်တွေ၊ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ ပိတ်ဆို့အရေးယူမှုတွေအတွက် တိကျတဲ့ အကူအညီဆောက်ရွက်ချက်တွေကို ချမှတ်ပေးခဲ့ပါတယ်။”ဟု ယူနန်ဟန်ကျဲ့နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ ရန်ဝိန်ဟိုင်က ပြောဆိုပါသည်။

“သွင်းကုန်ပို့ကုန်တွေရဲ့ အကောက်ခွန်ကင်းရှင်းမှု ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ကြိုတင်ဆက်သွယ်ပြီး အကောက်ခွန်ရှင်းလင်းမှု ကိုင်တွယ်ဆောင်ရွက်ရာမှာ လမ်းညွှန်ပေးခဲ့ပါတယ်။" ဟု မန်စီအကောက်ခွန်ဌာန ကြီးကြပ်ရေးဌာနမှ တာဝန်ခံကျန်းကျင်ချွမ်က ပြောကြားပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်၊ တယ်ဟုန် မန်စီလေဆိပ်
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်-မြန်မာ နယ်စပ် မန်စီလေဆိပ်တွင် သွင်းကုန်ပို့ကုန် ငွေပမာဏမှာ ယွမ် ၁၀ သန်း ကျော်ရှိ