တရုတ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးသည် လယ်သမားများအား ယွမ် ၁၁.၆၉ သန်းရှိ အံပေါင်းထုပ်များ ပေးပို့
ယခုရက်ပိုင်း ကျန်းရှီးပြည်နယ် နန်ချမ်းမြို့ အန်ယီခရိုင် တင်းဟူမြို့နယ်တွင် စုစုပေါင်း ငွေသား ယွမ် ၁၁.၆၉ သန်းကို စားပွဲရှည်ပေါ်တွင် စုပုံထားသည်ကိုတွေ့ရသည်။ ဤသည်မှာ စပါးစိုက်ပျိုးရေးလုပ်ငန်းရှင်ကြီး လင်းကျဟယ်မှ လယ်သမားညီအစ်ကိုများအား ပေးသော နှစ်ကုန်ဆုကြေးဖြစ် ပေသည်။ သူသည် နှစ်ကုန်ဆုကြေးများ ယွမ် ၅၄.၈၄ သန်းအထိ ၁၃ နှစ်ဆက်တိုက် ပေးပို့ခဲ့သည်။
"မင်းကျီးမင် ရရှိတဲ့ ဆုကြေးက ယွမ် ၃၀၇၁၅၀ ပါ။" "လီရှောက်ရန် ရရှိတဲ့ ဆုကြေးက ယွမ် ၃၁၁၆၅၀ ပါ။" ရင်ဘတ်ရှေ့တွင် အနီရောင်ပန်းပွင့်ကြီး ဝတ်ဆင်ထားသော စပါးစိုက်ပျိုးရေးကျွမ်းကျင်သူများက လူတိုင်း၏ အားပေးမှုနှင့်အတူ ချီတက်လာပြီး ဆုကြေးများကို လက်ခံရယူကြပါသည်။ ယင်းတို့အနက် ယခုနှစ် “စပါးစိုက်ပျိုးရေး ချန်ပီယံ” လီလှရှိုးသည် ဆုကြေး ယွမ် ၃၁၃၅၉၀ ရရှိခဲ့သည်။
လီလှရှိုးတို့ဇနီးမောင်နှံသည် စပါး တရုတ်ဧက ၆၀၀ ကျော် စိုက်ပျိုးခဲ့ပြီး နှစ်ကုန်ဆုကြေး၊ အခြေခံလစာနှင့်အတူ ၂၀၂၃ ခုနှစ်အတွက် အလုံးစုံဝင်ငွေမှာ ယွမ် ၄၀၀၀၀၀ နီးပါးရှိသည်။ "လယ်ကွင်းတွေမှာ ပိုပြီး သွားရောက်လည်ပတ်စစ်ဆေးရမယ်။ ကောင်းမွန်စွာ စီမံခန့်ခွဲရင် စပါးအထွက်နှုန်း တိုးလာပါမယ်" ဟု လီလှရှိုးသည် သူ၏ စိုက်ပျိုးရေးအတွေ့အကြုံကို လူတိုင်းအား ပျော်ရွှင်စွာ မျှဝေခဲ့သည်။ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် လီလှရှိုးကဲ့သို့သော အသက်ကြီးသော စိုက်ပျိုးရေးသမားများသာမကဘဲ လူငယ်များစွာလည်း ပါရှိသည်။
လင်းကျဟယ်၏ ဒရုန်းစပါးပင်ကာကွယ်ရေးအဖွဲ့တွင် အဖွဲ့ဝင် ၄၄ ဦးရှိပြီး ထက်ဝက်ကျော်သည် ၂၀၀၀ ပြည့်လွန်နှစ်ပိုင်း မွေးဖွားသူဖြစ်ကြပြီး သူတို့သည် ကောလိပ်ဘွဲ့နှင့်အထက် အောင်မြင်စွာ ရရှိထားသူများဖြစ်သည်။ ၂၀၀၀ ပြည့်လွန်နှစ်ပိုင်း မွေးဖွားသူ ဝမ်ယက်စိန်းသည် တစ်နှစ်တာ ဝင်ငွေ ယွမ် ၁၂၀၀၀၀ ကျော်ရရှိပြီး ၂၀၂၃ ခုနှစ် "ချန်ပီယံ" ဒရုန်းလေယာဉ်မှူးဖြစ်သည်။ “နည်းပညာကို နားလည်ပြီး စီမံခန့်ခွဲနည်းကို သိသရွေ့ မင်းရဲ့မွေးရပ်မြေမှာ လယ်ယာစိုက်ပျိုးမှုမှာ အောင်မြင်နိုင်ပါတယ်”ဟု ၎င်းက မျှဝေပါသည်။
လင်းကျဟယ်မှ လယ်သမားများအား ပေးသော နှစ်ကုန်ဆုကြေးအား "စူပါထုတ်လုပ်မှု ဆုကြေး" ဟုလည်း ခေါ်ဆိုသည်။ အလှည့်ကျမြေယာများကို စီမံခန့်ခွဲရန်အတွက် လယ်သမားများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ လစဉ် အခြေခံလစာ ယွမ် ၅၀၀၀ အပြင် သတ်မှတ်ထားသော အထွက်နှုန်းထက် ကျော်လွန်ခြင်းအတွက် ဆုကြေးများလည်း ရှိသည်။ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း လယ်ယာမြေအထွက်နှုန်းသည် ၁၀% တိုးများပြီး စုစုပေါင်းနှစ်ကုန်ဆုကြေးသည် ပထမဆုံးအကြိမ် ယွမ် ၁၀ သန်းအထက်ရှိကာ သမိုင်းတွင် အမြင့်ဆုံး ဖြစ်လာခဲ့သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန၊ နန်ချမ်းသတင်း၊ တရုတ်နိုင်ငံလယ်ယာစိုက်ပျိုးရေးကိရိယာများ သတင်းစာ)
ဘာသာပြန် ။ ။ Zhang Yinglin