တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်တို့သည် တရုတ်နှင့် ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

2024-01-29 12:10:00
အရင်းအမြစ်:国际在线

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်တို့သည် တရုတ်နှင့် ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ပါသည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် နှစ် ၆၀ အတွင်း တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံတို့သည် ကိုယ်ပိုင်ဆုံးဖြတ်သော မဟာဗျူဟာ ရွေးချယ်မှုကို အစဉ်တစိုက် စွဲကိုင်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်း၊ တန်းတူရည် တူ ကူးလူးဖလှယ်မှုဖြင့် ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုကို တိုးမြှင့်ပေးခြင်းနှင့် ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင် ဖြေရှင်းခြင်းတို့ကို အစဉ်တစိုက် လုပ်ဆောင်နေခဲ့ကြောင်း၊ မိမိသည် တရုတ်နှင့် ပြင်သစ် ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပါကြောင်း၊ သမ္မတ မက်ခရွန်နှင့်အတူ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်းကို အခွင့်ကောင်း အဖြစ်ထားပြီး အတိတ်က အစဉ်အလာများကို ဆက်ခံ၍ အနာဂတ် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ကာ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ပိုမို ခိုင်ခံ့ ရှင်သန်လာအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံနှင့် ကမ္ဘာ့ပြည်သူများ၏ ချမ်းသာသုခများအတွက် ပိုမို အကျိုးပြုစွမ်းဆောင်လိုပါကြောင်း ဖော်ပြထားပါသည်။

မက်ခရွန်က လွန်ခဲ့သည့် နှစ် ၆၀ တုန်းက ပြင်သစ်နှင့် တရုတ်နိုင်ငံတို့ သံတမန် ဆက်ဆံရေး ထားရှိခဲ့ခြင်းသည် အမြော်အမြင်ရှိသည့် သမိုင်းဝင် ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်သည် နှစ်နိုင်ငံ ဆက်ဆံမှု ပြန်လည် ရှင်သန်လာခဲ့သည့် နှစ်တစ်နှစ် ဖြစ်ပြီး ၂၀၂၄ ခုနှစ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့် တိုးတက်သော နှစ်တစ်နှစ် ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ နှစ်ဖက်အကြား စီးပွားကုန်သွယ်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ လူငယ်များအကြား စသည့် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများကို တိုးမြှင့်ရန်၊ နိုင်ငံတကာ ရေးရာများ၌ ကူးလူးညှိနှိုင်းမှုများကို တိုးမြှင့်ရန်၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို အဆက်မပြတ် တိုးမြှင့်ရန်၊ နှစ်ဖက်ဆက်ဆံမှု၏ နောက်ထပ် နှစ် ၆၀ တာ အခန်းကဏ္ဍသစ်ကို တက်တက်ကြွကြွ ဖွင့်လှစ်ပေးရန် မိမိ မျှော်လင့်ကြောင်း ရေးသားဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်တို့သည် တရုတ်နှင့် ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့