သမ္မတ ရှီက ကုန်ထုတ်စွမ်းအားသစ်များ ဖော်ထုတ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးမြင့်မားရေး အလေးထားပြောကြား

2024-02-05 13:52:09
အရင်းအမြစ်:国际在线

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ကုန်ထုတ်စွမ်းအားသစ်များ ဖော်ထုတ်မှု အရှိန်မြှင့်တင်ရေးနှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု အခိုင်အမာတိုးမြှင့်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ရှီသည် ဇန်နဝါရီ ၃၁ ရက်က CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၊ အဖွဲ့လိုက်လေ့လာရေး ဆွေးနွေးပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုသည် ခေတ်သစ်တွင် ခိုင်မာသော မူဝါဒတစ်ခုဖြစ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။

“ထုတ်လုပ်မှုစွမ်းအားသစ်တွေ ဖော်ထုတ်ရေးက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးရဲ့ မူလလိုအပ်ချက်နဲ့ အရေးကြီးအချက်ဖြစ်ပါတယ်။ ထုတ်လုပ်မှုစွမ်းအားသစ်တွေ ဖော်ထုတ်မှု အရှိန်မြှင့်တင်ရေးအတွက် တီထွန်ဆန်းသစ်မှုကို ကောင်းမွန်စွာ ဆက်လက်တွန်းအားပေးနိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်” ဟု သမ္မတ ရှီက ဆိုသည်။

အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းသည် ပါတီနှင့် ခေတ်သစ်ရှိ လူမှုအဖွဲ့အစည်း တစ်ရပ်လုံး၏ သဘောဆန္ဒနှင့် နိုးကြားမှုဖြစ်လာကြောင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားသော အကြောင်းအချက်များစွာ ရှိနေဆဲဖြစ်ကြောင်း၊ ယင်းကို ထုတ်လုပ်မှုစွမ်းအားသီအိုရီသစ်က လမ်းညွှန်ရမည်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

သိပ္ပံ-နည်းပညာ ဆန်းသစ်တီထွင်မှုက စက်မှုလုပ်ငန်းသစ်များ၊ ပုံစံသစ်များနှင့် တိုးတက်မှုမောင်းနှင်အားသစ်များကို လည်ပတ်နိုင်ပြီး ထုတ်လုပ်မှုစွမ်းအားသစ်များ ဖော်ထုတ်ရေး၏ ပင်မအစိတ်အပိုင်းများဖြစ်ကြောင်း ရှီက ထောက်ပြပြောကြားခဲ့သည်။

ထို့ပြင် သိပ္ပံ-နည်းပညာ ဆန်းသစ်တီထွင်မှုများကို သီးခြားစက်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းဆိုင်ရာကွင်းဆက်များတွင် အချိန်နှင့်တစ်ပြေးညီ ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်း၊ ကြိုးပမ်းအားထုတ်မှုများကိုလည်း သမားရိုးကျစက်မှုလုပ်ငန်းများ အသွင်ပြောင်းရန်နှင့် အဆင့်မြှင့်တင်ရန်၊ ထွန်းသစ်စ စက်မှုလုပ်ငန်းများ တွန်းအားပေးရန်၊ အနာဂတ် စက်မှုလုပ်ငန်းများအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်နှင့် ခေတ်မီစက်မှုလုပ်ငန်းစနစ် တိုးတက်မှုရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။

ထို့နောက် သမ္မတ ရှီက စီးပွားရေးစနစ်၊ သိပ္ပံနှင့် နည်းပညာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး နက်ရှိုင်းစေရန်၊ ထုတ်လုပ်မှုစွမ်းအားသစ်များ ဖော်ထုတ်ရာတွင် ကြန့်ကြာစေသော အဟန့်အတားများကို ဖယ်ရှားရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် အရည်အသွေးမြင့်မားသော ဈေးကွက်စနစ် တည်ထောင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

သမ္မတ ရှီက ကုန်ထုတ်စွမ်းအားသစ်များ ဖော်ထုတ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးမြင့်မားရေး အလေးထားပြောကြား