ဆွဲဆောင်မှုနှင့် ပြည့်နှက်နေသော ဖူအယ် ။ ။ မင်္ဂလာပါ ကျင်မိုက်တောင်

2024-01-27 17:20:56
အရင်းအမြစ်:《吉祥》杂志

နိုဝင်ဘာလ ၁၉ ရက်နေ့၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖလှယ်ရေး ကုန်စည်ပြပွဲကျင်းပစဉ် ကာလအတွင်းတွင် “ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်- ဖူအော် ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်တောယဉ်ကျေးမှုရှုခင်း”ဆိုင်းဘုတ်တင် ဖွင့်ပွဲအခမ်းအနားကို ဖူအော် ကျင်မိုက်တောင်၌ ကျင်းပခဲ့သည်။ ယခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် “ဖူအော် ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်တောယဉ်ကျေးမှုရှုခင်း”သည် “ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း”တွင် အောင်မြင်စွာ ပါဝင်လာခဲ့၍ ကမ္ဘာ့ပထမဆုံးသော လက်ဖက်ခေါင်းစဉ်ပြု ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာခဲ့လေသည်။

“ဖူအော် ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်တောယဉ်ကျေးမှုရှုခင်း”သည် ယူနန်ပြည်နယ် ဖူအော်မြို့ လန်ချန်း လားဟူ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၌ တည်ရှိပါသည်။ အေဒီ ၁၀ ရာစုတည်းကစ၍ ပုလောင်လူမျိုး၊ တိုင်လူမျိုးတို့၏ ဘိုးဘေးများသည် ကျင်မိုက်တောင်ဒေသသို့ ရှေ့ဆင့်နောက်ဆင့်ဆိုသကဲ့သို့ ပြောင်းရွှေ့အခြေချလာခဲ့ကြပြီး ဤအရပ်၌ သဘာဝအလျောက်ပေါက်နေသော လက်ဖက်ပင်များကို တွေ့ရှိလာခဲ့ကြလေသည်။ သစ်တောဂေဟစနစ်ကို အသုံးချ၍ “သစ်တောသဘာဝလက်ဖက်”စိုက်ပျိုးနည်းကို ရှာဖွေတွေ့ရှိခဲ့ကြရာက အကျယ်အဝန်း တရုတ်ဧကသောင်းချီရှိသော လက်ဖက်တောကြီးအနေဖြင့် တဖြည်းဖြည်း ဖြစ်လာခဲ့သည်။ နှစ်ပေါင်းရာထောင်ချီကာလတစ်လျောက် လူသားတို့သည် ရှေးဟောင်းလက်ဖက်တောကို ဗဟိုပြုလျက် တောင်ပေါ်မြေနေရာများကို နည်းလမ်းကျနစွာ စီမံ၍ သစ်တောနှင့် လက်ဖက် အတူယှဉ်တွဲရှင်သန်ရေး၊ လူနှင့်မြေကြီး သဟဇာတရှိစွာနေထိုင်ရေးဟူသော တစ်မူထူးခြားသည့် ယဉ်ကျေးမှုရှုခင်းကို ဖန်တီးလာခဲ့ကြသည်။

လက်ဖက်တော၏ တောနက်ထဲတွင် ရှေးဟောင်းကျေးရွာရှိသည်။ “ရွက်ကြွေရာ ရွာတည်၊ အမြစ်တွယ်ရာ လမ်းဖောက်။” ယခုနှစ်တွင် အသက် ၈၀ ပြည့်ပြီဖြစ်သည့် စူးကော်ဝင်သည် ကျင်မိုက်တောင်ပေါ်မှ မန်ကျင်ကျေးရွာတွင် နေထိုင်ပါသည်။ “လက်ဖက်နဲ့ အဘတို့ရဲ့ဘဝက ခွဲလို့မရပါဘူး”ဟု စူးကော်ဝင်က ပြောပါသည်။ လုပ်နိုင်ကိုင်နိုင်သေးပါက သူ့အနေဖြင့် နှစ်စဉ်မိသားစုနှင့်အတူ လက်ဖက်ခူး၍ လက်ဖက်ခြောက်လုပ်ချင်သေးသည်ဟု စူးကော်ဝင်က ဆိုပါသည်။ ဝါးကျည်တောက်ဖြင့် လက်ဖက်ခြောက်ထည့်၊ သစ်တုံးဖြင့် လွယ်အိတ်လုပ်၊ ကျေးရွာအိမ်ခေါင်မိုးပေါ်တွင် ရှေးဟောင်းလက်ဖက်ပင် ရုပ်ပုံများဖြင့် အလှဆင်စသည့် သဘာဝတရားထံမှ သင်ယူ၍ လူနှင့်လက်ဖက် အတူယှဉ်တွဲရှင်သန်သည့် ရိုးရာယဉ်ကျေးမှုမှာ ကျေးရွာပြည်သူတို့၏ဘဝထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်ဝင်ရောက်နေခဲ့ပြီ ဖြစ်ပေသည်။

ဆွဲဆောင်မှုနှင့် ပြည့်နှက်နေသော ဖူအယ် ။ ။ မင်္ဂလာပါ ကျင်မိုက်တောင်