ခရီးစဉ်အသစ်အဖြင့် မန္တလေး-ကောလင်းခရီးတိုက်ရိုက် အစုန်အဆန်ရထားနှစ်စင်း မကြာခင် ပြေ

2016-06-27 10:35:24 |သတင်းအရင်းအမြစ် 中华网

မန္တလေး ဇွန် ၂၄

မန္တလေးနှင့်ကောလင်း ဒေသနှစ်ခုကြားခရီးသွားလာရေးအဆင်ပြေစေရန်အတွက် မကြာခင်အတောအတွင်း မန္တလေး-ကောလင်းအစုန်အဆန်မီးရထားနှစ်စင်းပြေးဆွဲပေးသွား တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှသိရသည်။

 “မန္တလေး-ကောလင်း၊ ကောလင်း-မန္တလေးအစုန်အဆန်ရထားနှစ်စင်းပြေးဆွဲပေးသွားမှာပါ၊ RBE Rail Bus Engine စနစ်သုံးရထားတွဲတွေအသုံးပြုပြီး ပထမဆုံးပြေးဆွဲတာပါ၊ RBE စနစ်ဆိုတာက တွဲတိုင်းတွဲတိုင်းမှာကားလိုမျိုးအင်ဂျင်တပ်ထားတယ်၊ တွဲတိုင်းတွဲတိုင်းမှာမောင်းနိုင်တဲ့အင်ဂျင်ပါတယ်၊ အဲဒါတွေကို Combine လုပ်ပြီးတော့မောင်းနှင်တာပါ၊ ပြေးဆွဲမယ့်အသေးစိတ်အခြေအနေကိုတော့ မကြာခင်ထပ်ကြေညာပေးပါမယ်” ဟု မြန်မာ့မီးရထားဌာန အထက်မြန်မာပြည်အထွေထွေမန်နေဂျာဦးမျိုးဝင်းက ပြောသည်။

 ယခင်ကဆိုလျှင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့သို့ မန္တလေး-မြစ်ကြီးနားရထားဖြင့်သာ သွားလာနေရပြီး ယခုလိုမန္တလေး-ကောလင်း သီးခြားလုပ်ပေးလိုက်သည့်အတွက် ဒေသနှစ်ခုကြားပိုမိုအဆင်ပြေသွားမည်ဟူသောရည်ရွယ်ချက်ဖြင့် တိုးချဲ့ပြေးဆွဲပေးရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

 “ကုန်တင်လို့တော့မရပါဘူး၊ ခရီးသည်တစ်နိုင်တစ်ပိုင်တော့ရမယ်၊ စီးပွားဖြစ်ကုန်တင်တာကိုတော့ခွင့်မပြုဘူးပေါ့၊ RBE နဲ့ပြေးဆွဲတာကတော့ ဒါပထမ ဦးဆုံးအကြိမ်ပါ၊ အရင်တုန်းကတော့ ရထားကြီးတွေနဲ့လော်ကယ်ပြေးတာတော့ရှိပါတယ်” ဟု ၄င်းကဆိုသည်။

 မန္တလေးမြို့မှ မွန်းလွဲ ၃ နာရီခွဲထွက်ခွာမည်ဖြစ်ပြီး ကောလင်းမြို့သို့ ည ၉ နာရီ ၅၀ မိနစ်ဝင်မည်ဖြစ်ကြောင်း၊ ကောလင်းမြို့မှ ည ၁၀ နာရီ ၂၀ မိနစ် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးမြို့သို့ နံနက် ၄ နာရီ ၄၀ မိနစ်ဝင်မည်ဖြစ်ကြောင်း၊ လက်မှတ်ဈေးနှုန်းနှင့်အသေးစိတ်အစီအစဉ်ကိုတော့ မကြာခင် ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးဘူတာကြီးမှတစ်ဆင့် မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-လားရှိုး၊ မန္တလေး-ပခုက္ကူ၊ မန္တလေး-မုံရွာ၊ မန္တလေး(သရဲဈေး)-မတ္တရာ ဟူ၍ နေ့စဉ်နေ့တိုင်း အထက်မြန်မာပြည်ဒေသများသို့ ပြေးဆွဲပေးလျက်ရှိသည်။

ကျော်ထွေး