အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီသည် ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ခရီး လှည

2016-05-24 13:53:18 |သတင်းအရင်းအမြစ် 国际在线

  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီသည် ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ခရီး လှည့်လည် ခဲ့ကြောင်း၊ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြီးနောက် ကယ်ရီက၊ အမေရိကန်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ဆက်လက် ထောက်ခံမည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ကယ်ရီက၊ မြန်မာ အစိုးရသစ်၏ ဈေးကွက် လွတ်လပ်ရေးနှင့် စီးပွါးရေး ဖွံ့ဖြိုးရေး စသည့် နယ်ပယ်များ၌ တဆင့်တိုး ပြုပြင်ပြောင်းလဲမှုကို အမေရိကန်က ထောက်ခံကြောင်း၊ အမေရိကန်သည် မြန်မာ နိုင်ငံကို အလေးထားပြီး အာရှကို အလေးထားကြောင်း ပြောကြားခဲ့သည်။

အမေရိကန်က မြန်မာအပေါ် အရေးယူပိတ်ဆို့မှု လျှော့ချခြင်းကိစ္စနှင့် ပတ်သက်ပြီး ကယ်ရီက၊ အမေရိကန်သည် မြန်မာ၏ ဒီမိုကရေစီ ကူးပြောင်းခြင်းကို ထောက်ခံသဖြင့် မြန်မာ အပေါ် အရေးယူပိတ်ဆို့မှု အချို့ကို လျှော့ချခဲ့ကြောင်း၊ မြန်မာ ဒီမိုကရေစီ လုပ်ငန်း ဆက်လက် တိုးတက်စေရန်အတွက် ဌာနအချို့ အပေါ် အရေးယူမှုကို ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာနိုင်ငံသည် အရေးယူ ပိတ်ဆို့မှုများကို မကြောက်ပါကြောင်း၊ အနာဂတ်တွင် အရေးယူပိတ်ဆို့မှု အားလုံးကို ဖျက်သိမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့၌ ကယ်ရီသည် မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် နှစ်နိုင်ငံ ဆက်ဆံမှု၊ နှစ်နိုင်ငံ တပ်မတော် ဆက်ဆံမှု၊ မြန်မာနိုင်ငံ၌ ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံ ညီလာခံ စသည့်ကိစ္စများနှင့်ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။