ဘန်ကောက်ပို့စ်
ပရာချင်ဘူရီ၊ မေ-၂၄
ဆိုင် မဟာဖော့ရပ်ကွက်အတွင်းရှိ ၀ပ် မခမ်သွန်၏ ကျောင်းထိုင်ဆရာတော်မှာ အခြားဘုန်းကြီးနှစ်ပါးနှင့်တူ အရက်မူးနေသည်ကို ရဲက တွေ့ရှိရသောကြောင့် လူထွက်ခိုင်းခဲ့သည်ဟု ဆိုသည်။
ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများမှာ ညဥ့်နက်သည်အထိ သောက်ပွဲကျင်းပနေကြသောကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း ၁၉၁ မှတစ်ဆင့် တိုင်တန်းချက်ကို လက်ခံရရှိပြီးနောက်တွင် ဆိုင် မဟာဖော့ ရဲတပ်ဖွဲ့က နံနက် ၁နာရီ ၃၀မိနစ်အချိန်တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။
အခန်းတစ်ခန်းထဲတွင် အားလုံးမူးနေပုံရသည့် ဘုန်းကြီးသုံးပါး ဆူညံနေသည်ကို ရဲက တွေ့ရှိသွားခဲ့ပြီး ယင်းတို့အနက် တစ်ပါးမှာ ၀ပ်မခမ်သွန်၏ ကျောင်းထိုင်ဆရာတော် ဖရာ သာဝီ ဆန်တာဂျစ်တိုဖြစ်သည်။
စစ်ဆေးမေးမြန်းရန်အတွက် ပရာချင်ဘူရီ လက်ထောက်သာသနာပိုင်နှင့် တွေ့ဆုံရန်အတွက် ဘုန်းကြီးသုံးပါးကို ပင့်ဖိတ်ခဲ့သည်ဟု ဆိုသည်။
ဖရာ သာဝီက အရက်အနည်းငယ်သောက်ထားကြောင်း ၀န်ခံခဲ့သည်။ တိုင်တန်းချက်များနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းသည့်အခါတွင် မကျေနပ်ဟန်ဖြင့် လေသံကျယ်ကျယ်ဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။
စစ်ဆေးမေးမြန်းရာတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ဆိုင် မဟာဖော့ခရိုင် ခေတ္တသာသနာပိုင် ဖရာ ခရူ ထာဗာရို ဖိုသာပီရက်က ဖရာ သာဝီကို လူထွက်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။