ကမ္ဘာ့ခေါင်းဆောင်နေရာကိုတရုတ်လွှဲပြောင်းရယူရန် အစီအစဉ်မရှိ

2016-05-25 15:07:00 |သတင်းအရင်းအမြစ် 中华网

Ref: People’s Daily Online အမေရိကန်ပြည်ထောင်စုမှာ ရှေ့လာမည့်အချိန်များတွင်လည်း ကမ္ဘာ့နံပါတ်တစ် အင်အားကြီးနိုင်ငံအဖြစ် ဆက်ရှိနေနိုင်သော်လည်း ယင်းမှာ အခြားနိုင်ငံများအနေဖြင့် ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်လာခွင့်မရှိဟု အဓိပ္ပာယ်မရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက Al Jazeera နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ “နိုင်ငံတစ်နိုင်ငံရဲ့သူ့ပြည်သူတွေကပဲကိုင်တွယ်သင့်တယ်။အလားတူပဲကမ္ဘာ့အရေးရာကိစ္စတွေကိုလည်း နိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုး လက်ဝါးကြီးအုပ်ထားမယ့်အစား နိုင်ငံအားလုံး ပါဝင်ပြီး ဆွေးနွေးဖြေရှင်းသင့်တယ်လို့ ကျနော်တို့ ယုံကြည်တယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားခဲ့သည်။ ထိုယုံကြည်ချက်အရ တရုတ်က လက်ရှိနိုင်ငံတကာစနစ်ကို ကုလသမဂ္ဂနှင့်အတူ အဓိကကျသည့် အခန်းကဏ္ဍမှ ထောက်ခံအားပေးနေခဲ့သည်။ ကုလသမဂ္ဂမှာ အကျယ်ပြန့်ဆုံး ကိုယ်စားပြုမှုနှင့် လုပ်ပိုင်ခွင့်အရှိဆုံး အစိုးရကြားခံအဖွဲ့အစည်းကြီးပင်ဖြစ်ပြီး ၄င်း၏ ဖွဲ့စည်းပုံဥပဒေကိုလည်း ကမ္ဘာတစ်ဝန်းလုံးရှိ ပြည်သူများက သဘောတူအတည်ပြုထားသည်။ တကယ်တန်း ကမ္ဘာကြီး၏ ပြဿနာအတော်များများမှာ ကုလသမဂ္ဂ သဘောတူညီချက်ပါ စည်းမျဉ်းမူများကို အပြည့်အ၀ အကောင်အထည်ဖော်ရန် ပျက်ကွက်မှု၏ အကျိုးဆက်ဖြစ်ပြီး၊ ထိုစည်းမျဉ်းမူများ၏ အနှစ်သာရမှာလည်း အချုပ်အခြာအာဏာကို လေးစားရန်၊ ပြည်တွင်းရေးတွင် ၀င်ရောက် မစွက်ဖက်ရန်၊ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရန်ပင် ဖြစ်သည်။ “အကြီးအသေး၊အားကြီးအားနည်း နိုင်ငံအားလုံးဟာ ကုလချာတာရဲ့ စည်းမျဉ်းမူတွေနဲ့ ရည်ရွယ်ချက်တွေကို လိုက်နာမယ်ဆိုရင် ကမ္ဘာကြီးဟာ ပိုငြိမ်းချမ်းတည်ငြိမ်လာမှာဖြစ်ပြီး နိုင်ငံတွေလည်း အတူတကွ ကြွယ်ဝသွားပါလိမ့်မယ်။ ဒါဟာ တရုတ် သံတမန်မူဝါဒရဲ့ ကျောရိုးဒဿနနဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်”ဟု ၀မ်ယီက ပြောကြားခဲ့သည်။ တရုတ်မှာ အမေရိကန်ပြည်ထောင်စု၏ အဓိကပြိုင်ဘက်ဖြစ်လာနေပြီး၊ တစ်ချိန်၌ ကမ္ဘာ့အစူအစဉ် (world order)တွင် အမေရိကန်၏နေရာကိုပင် အစားထိုးလာလိမ့်မည်ဟူသော မှန်းဆချက်များမှာလည်း တောရမ်းမယ်ဘွဲ့များသာ ဖြစ်သည်။ တရုတ်နိုင်ငံမှာ ထူးထူးခြားခြား စီးပွားရေးတိုးတက်နေသော်လည်း ခေါင်းဆောင်နေရာကို ယူမည်မဟုတ်သကဲ့သို့ မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်နေသည့် အနေအထားတွင် ရပ်တည်နေမည်မဟုတ်ပါ။ “လာမယ့်အချိန်တွေမှာလည်း အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့နံပါတ်တစ် အင်အားကြီးနိုင်ငံအဖြစ် ဆက်ရှိနေနိုင်ပေမယ့် ဒါဟာ ကမ္ဘာကြီးကို နိုင်ငံတစ်နိုင်ငံတည်းက ဦးဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ တကယ်တော့ အဲဒီလိုလည်း မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ဂြိုဟ်ကမ္ဘာရဲ့ အနာဂတ် ပိုမိုကောင်းမွန်လာဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်”ဟု ၀မ်ယီက အမေရိကန်ဆုတ်ယုတ်သွားပြီးနောက်ပိုင်း တစ်နေ့နေ့တွင် တရုတ်က ကမ္ဘာကြီးကို မလွှဲမရှောင်သာ ဦးဆောင်ရလိမ့်မည်ဟူသော ဟောကိန်းကို ပြန်လည်တုန့်ပြန်ရာတွင် ပြောကြားခဲ့သည်။ ယမန်နှစ်က ကုလ နှစ်၇၀ပြည့် ညီလာခံတွင်မူ သမ္မတရှီကျင့်ဖိန်က အလွန်အရေးကြီးသော အမြော်အမြင်တစ်ရပ်ကို ချပြရင်း လူသားမျိုးနွယ်၏ ဘုံအနာဂတ်အတွက် နိုင်ငံအားလုံး လက်တွဲအလုပ်လုပ်ကြရန်လည်း တိုက်တွန်းခဲ့သည်။ လက်ရှိကမ္ဘာ့နိုင်ငံများကြား အပြန်အလှန် မှီခိုပေါင်းစည်းနေရသည့် အနေအထားအရ ကျွန်ုပ်တို့၏ ဂြိုဟ်ကမ္ဘာမှာ မည်သည့်နိုင်ငံမျှ ထီးတည်းမကြွယ်ဝနိုင်သည့် ရွာတစ်ရွာ ဖြစ်လာနေသည်။ ဘုံအကျိုးစီးပွား၊ ဘုံတာဝန်ယူမှုနှင့် ဘုံလုံခြုံရေးရှိသည့် လူ့ဘောင်တစ်ရပ်ကို တည်ဆောက်ရန် လိုအပ်လာသည်။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားကို ရည်သန်သည့် အားထုတ်မှုပင် ဖြစ်သည်။