ဗြိတိန်သတင်းဌာန၏ မေလ ၂၁ရက်နေ့ သတင်းများအရ ယခုလတ်တလောသတင်းစာ ရှင်းလင်းပွဲတွင် ပလတ်စတစ်အိတ်များ၊ ပုလင်းများ၊ အင်္ကျီများအစရှိသော ပလတ်စတစ်ဖြင့် ထုတ်လုပ်ထားသောပစ္စည်းများသည် ပင်လယ်တွင်း သမုဒ္ဒရာအတွင်းရှိ ရေထုကိုညစ်ညမ်း စေလျက် ရှိသည်သာမက လူများ၏ ကျန်းမာရေးကိုပါ အကြီးမားဆုံးခြောက်လှန့် လျက်ရှိသည့် အပြင် ပင်လယ်သမုဒ္ဒရာများ၏ ဇီဝကမ္မဖြစ်စဉ်ကိုပါ ထိခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အစီရင်ခံစာများအရ ၂၀၀၄ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ တစ်ကမ္ဘာလုံးပလပ်စတစ် ထုတ်ကုန်များ သုံးစွဲမှုပမာဏမှာ ၃၈%တိုးတက်လာသည်ဟုဆိုပါတယ်။ အကယ်လို့ ဒီကိစ္စကို ကိုင်တွယ်မှုအားနည်း ပါက အဆိုပါပလတ်စတစ်ပစ္စည်းများမှာ အမှုန်အမွှား၊ အစေ့အဆန်လေးများအဖြစ်ပြောင်းလဲသွားပြီး သမုဒ္ဒရာအတွင်းရောက်ရှိသွားပါက အဆုံးမဲ့ဒုက္ခနှင့်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပလတ်စတစ် ပစ္စည်းများမှာ အမှုန်အမွှား လေးများဖြစ်သွားပါက အရွယ်အစားမှာ ၅မီလီမီတာခန့်သာရှိတော့ပါတယ်။ စုစည်းထားသော အချက်အလက်များအရ ၂၀၁၀ခုနှစ်တစ်နှစ်တည်းတွင်ပင် တန်ချိန် ၄၈သိန်း မှ ၁၂၇၀သိန်း ရှိသော ပလတ်စတစ်အမှိုက်များ သမုဒ္ဒရာအတွင်း ရောက်ရှိသွားကာ ပုံစံပြောင်းလဲ သွားပြီးနောက် ဝေလငါးများ၏၀မ်းဗိုက်အတွင်းသို့ရောက်ရှိ သွားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အစားအစာထည့်သော ဖော့ဘူးများ၊ စီးကရက် ဖင်စီခံများ၊ ပူဖောင်းများ အစရှိတဲ့ ကြည့်လိုက် လျှင်ပြဿနာမရှိဘူးလို့ထင်ရတဲ့ ပစ္စည်းများကလည်း ခြိမ်းခြောက်လာနိုင်ပါတယ်။
အဆိုပါအချက်အလက်များမှာ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းမှုအစီအစဉ် (UNEP) မှထုတ်ပြန် ထားတဲ့ (၂၀၁၆ခုနှစ် ရှေ့ပြေးသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ အစီရင်ခံစာ) ကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင်ကျင်းပသော ကုလသမဂ္ဂပတ်ဝန်းကျင် ဆိုင်ရာ ညီလာခံတွင် တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပါတယ်။
ပညာရှင်များက အဆိုပါပလတ်စတစ်အမှုန်အမွှားများ၊ အစေ့အဆံများဟာ ပင်လယ်သမုဒ္ဒရာအတွင်း ရေထုညစ်ညမ်းမှုများဖြစ်ပေါ်ကာ အဆိပ်သင့်ခြင်း၊ မျိုးမပွားနိုင်ခြင်း၊ ဗီဇရုတ်တရက် ပြောင်းလဲခြင်း တို့ဖြစ်ပေါ်လာပြီး အဆုံးမှာ လူတွေ ပင်လယ်စာအများအပြား စားသောက်ပါက ပင်လယ်ထွက် ထုတ်ကုန်များမှ အဆိပ်သင့်ခြင်း ဖြစ်ပေါ်မည်ကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
ကုလသမဂ္ဂအစီရင်ခံစာအရ ပင်လယ်ထွက်ကုန်အစားအသောက်များမှာ ပလတ်စတစ် အဆိပ်သင့် ပါက လူတွေအတွက်ဓာတုအဆိပ်သင့်ကာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်လျက်ရှိပါတယ်။ ဒါတင်မကသေးပဲ ပလတ်စတစ် ပစ္စည်းများက အမှုန်အမွှားအသေးစားလေးများဖြစ်သွားခြင်းဖြင့် ပင်လယ်ရေအတွင်း ပျံ့နှံ့နေပြီး တနည်းနည်းဖြင့် လူသားများ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိ သွားပါက ကားမှ ထွက်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုထက် အန္တရာယ်များ လိမ့်မယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
ပလတ်စတစ်မှ ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှုကိုသုတေသနပြုရန်အတွက် ပညာရှင်များက ပင်လယ်စာ ဈေးကွက်ကို သွားရောက်လေ့လာခဲ့ရာမှာ အိန္ဒိယနိုင်ငံ နိုင်းစီယာ(Nicaea) နှင့် လီဗိုနီးယား (Livonia) ရှိ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ငါးများ၏ ၄ ပုံ ၁ပုံ က ပလတ်စတစ်အဆိပ်သင့်နေတာကို တွေ့ရှိခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ University of Plymouth အဏ္ဏ၀ါဇီဝဗေဒ ပါမောက္ခ ရစ်ချက်တွန်မဆင် (Richard Thompson) က ပင်လယ်သမုဒ္ဒရာအတွင်းပျံ့နှံ့နေတဲ့ ပလတ်စတစ် အမှုန်အမွှားတွေက လူ့အသက် ကိုအန္တရာယ်ပေးနိုင်တာကို သက်သေပြသနိုင်တယ်လို့ ဆိုပါတယ်။ တွန်မဆင်က “အကယ်လို့လူသား တွေဟာ ကိုယ့်စိတ်ကြိုက်ပဲလုပ်မယ် ဆိုရင် အဆိုးရွားဆုံးအချိန်ကိုရောက်ရှိသွားပါမယ်။ ဒါက မဖြစ်နိုင်ဘူး လို့ပြောလို့မရပါဘူး ”လို့ပြောကြားခဲ့သည့်အပြင် အပြောကျယ်လှတဲ့ ပင်လယ်ပြင်ကြီး ထဲမှာ ပလတ်စတစ်အမှုန်အမွှားအစလေးတွေ တစ်နေ့ထက် တစ်နေ့ပိုမိုများပြားလာမှာကိုလည်း စိုးရိမ်နေတယ်လို့လည်း သူက ပြောပါတယ်။
တစ်ကမ္ဘာလုံးမှာ အရှေ့အာရှ၏ပင်လယ်ရေပြင်ဟာ ပလတ်စတစ်အမှုန်အမွှားများနှင့် ညစ်ညမ်း နေသောဒေသဖြစ်ပါတယ်။ ဂျပန်ပင်လယ်အတွင်းရှိ ပင်လယ်ရေညစ်ညမ်းမှုမှာ တစ်ကမ္ဘာလုံး အခြားသော နေရာများထက် ၂၇ဆပိုမိုများပြားနေတာကိုတွေ့ရပါတယ်။ ထို့အပြင် ပစိဖိတ်သမုဒ္ဒရာ အတွင်းညစ်ညမ်းမှုက နာမည်ဆိုးနှင့်ကျော်ကြားနေပြီး “ကြီးမားသောပစိဖိတ်အမှိုက်ပုံ”လို့ပင် အမည်တွင်လျက်ရှိနေပါတယ်။ အခြားသော ပင်လယ်သမုဒ္ဒရာအတွင်းတွင်လည်း ယင်းကဲ့သို့ ဆိုးရွားသောအခြေအနေများလည်း စတင်ပြောင်းလဲဖြစ်ပေါ်လာလျှက်ရှိနေကာ မကြာမီ ဆိုးရွားတဲ့ အမှိုက်ပုံဖြစ်လာ နိုင်ပါတယ်။
ပင်လယ်သမုဒ္ဒရာတွင်းရှိ ပလတ်စတစ်အမှိုက်များဟာ တစ်ကမ္ဘာလုံးကိုထိခိုက်စေလျက် ရှိနေပါတယ်။ ပညာရှင်တွန်မဆင်က မြင့်မားသောမွန်ဂိုတောင်တန်းမှ စတင်စီးဆင်း လာသော ရေကန်မှသည် ပင်လယ်နက်ကြီးအထိ ပလတ်စတစ်အမှိုက်များနောက် အရိပ်သဖွယ် တကောက်ကောက် လိုက်ခဲ့ ပါတယ်။ ၂၀၁၅ခုနှစ်မှာ စေတနာရှင် ၀န်ထမ်းများက လှေအစင်း ၃၀ကို စီးနင်းကာ ပင်လယ်တွင်း ပလတ်စတစ် အမှိုက်များ၏ညစ်ညမ်းနေမှုအပေါ် စစ်ဆေးခဲ့ကြပါတယ်။ စေတနာ့ဝန်ထမ်းတစ်ဦးက “ပင်လယ်တွင်းမှာရောက်နေတဲ့ အမှိုက်များကိုသန့်ရှင်းအောင်လုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး ။ သူတို့တွေကို အမှုန်အမွှားမဖြစ်အောင် အစေ့အဆန်လေးများ မဖြစ်အောင်လုပ်ဖို့ဆိုတာ ခက်သည် ထက်ပိုခက်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။