စီအာအိုင်ကိုယ်စားလှယ်အဖွဲ့ကို မြန်မာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေ

2016-05-27 10:38:44 |သတင်းအရင်းအမြစ် 国际在线

 မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ဒေသစံတော်ချိန် ၂၅ရက်နေ့ ညနေပိုင်းက နေပြည်တော်၌ အလည်အပတ် ရောက်ရှိ နေသော စီအာအိုင် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

 

စီအာအိုင်သည် ဒေါက်တာဖေမြင့် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့်နောက်ပိုင်းတွင် တရားဝင် တွေ့ဆုံသော ပထမဆုံး တရုတ် မီဒီယာကိုယ်စားလှယ် အဖွဲ့ ဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင်  စီအာအိုင် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ စီအာအိုင် အရှေ့တောင်အာရှရေးရာ ဌာနခွဲ ညွှန်ချုပ် Mr. An Xiaoyuက မကြာမီနှစ်များက မြန်မာ အစိုးရပိုင် မီဒီယာများနှင့်ရော၊ ပုဂ္ဂလိကပိုင် မီဒီယာများနှင့်ပါ စီအာအိုင် ပြုလုပ်သော ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မိတ်ဆက်ပေးပြီး တရုတ်-မြန်မာ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု အပေါ် မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန၏ အားပေးထောက်ခံမှု အတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ပြည်သူများ အကြား အပြန်အလှန် သိရှိနားလည်မှု တိုးပွားစေရေး အတွက် စီအာအိုင် အနေနှင့် နည်းပညာ၊ အစီအစဉ်နှင့် ဝန်ထမ်းလေ့ကျင့်ပျိုးထောင်ရေးစသည့် နယ်ပယ်များတွင် မြန်မာ မီဒီယာများ အား ကူညီပံ့ပိုးမှု ပေးလိုကြောင်း ပြောကြားသည်။

ဝန်ကြီး ဒေါက်တာ ဖေမြင့်က စီအာအိုင်နှင့် မြန်မာ မီဒီယာများ အကြား အစဉ်တစိုက် ပြုလုပ်သော ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုရော၊ ယင်းပူးပေါင်းဆောင်ရွက်မှု များတွင် ရရှိခဲ့သော အောင်မြင်မှုများကိုပါ တန်ဖိုးထား ချီးကျူးကြောင်း၊ ပွင့်လင်းသော မီဒီယာ အခြေအနေ ဖန်တီးပေးရေးနှင့် မြန်မာ မီဒီယာ အရည်အသွေး တိုးမြှင့်ရေးသည် မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ မိမိ အနေနှင့် မြန်မာမီဒီယာများနှင့် စီအာအိုင် အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ထောက်ခံသည့် အပြင်၊ မြန်မာနိုင်ငံတွင် စီအာအိုင် မီဒီယာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ကြိုဆို ကြောင်းလည်း ပြောကြားသည်။