နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား အမေရိကန် အောက်လွှတ်တော် ဒီမိုကရေစီမိတ်ဖက်အဖွဲ့ဥက္ကဋ္ဌ

2016-06-02 10:45:31 |သတင်းအရင်းအမြစ် 中华网

နေပြည်တော် ဇွန် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား မေ၃၁ ရက် နံနက် ၁၁ နာရီခန့်က အမေရိကန်ကွန်ဂရက် အောက်လွှတ်တော်၏ ဒီမိုကရေစီမိတ်ဖက်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ပီတာ ရော့စ်ကမ် ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။

 နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ တွင် မစ္စတာပီတာရော့စ်ကမ်က မြန်မာနိုင်ငံ အစိုးရအဖွဲ့သစ်အပေါ် ဆန္ဒမဲ ပေးခဲ့ကြသည့် ပြည်သူများအနေဖြင့် မျှော်လင့် ချက်များစွာ ထားရှိသည်ကို နားလည်ပါ ကြောင်း၊ အစိုးရအဖွဲ့သစ်အနေဖြင့် ပြည်သူများ အကျိုးရှိမည့် ကိစ္စရပ်များကို ဆောင်ရွက် ရာ၌ အချိန်ယူဆောင်ရွက်ရမည်ကို ပြည်သူများ နားလည်သဘောပေါက်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ လွတ်လပ်ခြင်း၊ တည်ငြိမ် အေးချမ်းခြင်းနှင့် လုံခြုံရေး တို့ကိုလည်း ချိန်ညှိဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဆွေးနွေးပြောကြားခဲ့သည့်အပြင် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့အကြား ထိတွေ့ဆက်ဆံမှု၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များ၏ အခန်းကဏ္ဍတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့သည်။

နိုင်ငံတော်သမ္မတက မိမိတို့အစိုးရသစ်အပေါ် ပြည်သူလူထု၏ မျှော်လင့်ချက်ကြီး မားသည်ကို အထူးနားလည်သဘောပေါက်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် စိန်ခေါ် မှုများစွာကို ရင်ဆိုင်နေရပါကြောင်း၊ ပြည်သူများအတွက် ဆောလျင်စွာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည့်အပြင် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်ကိစ္စများကိုလည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း၊ အစိုးရအဖွဲ့သစ်အပေါ် ပြည်သူလူထု သာမက နိုင်ငံတကာအသိုက်အ၀န်းကပါ နားလည်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ လွှတ်တော်များနှင့် စဉ်ဆက် မပြတ် ထိတွေ့ဆက်ဆံလျက်ရှိပါကြောင်း၊ အမြင်မတူသည့် ကိစ္စရပ်များရှိခဲ့ပါကလည်း အပြုသဘောဆောင်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ် ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ယုံကြည်မှုတည်ဆောက်ရေးသည် အရေးကြီးပါကြောင်း၊ လွတ်လပ်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနှင့် လုံခြုံရေးတို့သည် ဆက်နွယ်လျက်ရှိပြီး လွတ်လပ်မှုကို အတိုင်းအတာဘောင်အတွင်းမှ ဆောင်ရွက်နိုင်ရေး အတွက်လည်း အသိပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမေရိကန်နိုင်ငံ အပါအ၀င် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးဖေ့စ်ဘွတ်စာမျက်နှာတွင်ဖော်ပြခဲ့သည်။အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာစကော့အလန်မာရှယ်လည်း တက်ရောက်သည်။အမေရိကန်ကွန်ဂရက် အောက်လွှတ်တော်၏ ဒီမိုကရေစီမိတ်ဖက်အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် လွှတ်တော်ကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို ပိုမိုသိရှိနိုင်ရန် မေ ၂၉ ရက်မှ ဇွန် ၁ ရက်အထိ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး လျက် ရှိကြောင်း ဖော်ပြချက်အရသိရသည်။