တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူးချုပ် ယန်ရှုဖိန်က၊ တရုတ်-အာဆီယံ ဆက်ဆံမှုသည် အာဆီယံ ဆွေးနွေးရေး မိတ်ဖက် ဆက်ဆံမှုအနက် ရှင်သန်မှု အရှိဆုံး၊ အား အကောင်းဆုံးသော ဆက်ဆံမှု တစ်ရပ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ မျက်မှောက် ကာလ၌ ကမ္ဘာ့စီးပွါးရေးသည် လေးနက်စွာ ပြောင်းလဲနေပြီး ငွေးကြေး ထောက်ပံ့မှုသည် တရုတ်-အာဆီယံ နိုင်ငံတကာ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်နှင့် စီးပွါးရေး အုပ်စုများ ရှင်သန်စေရန် အရေးကြီး အထောက်အကူ ဖြစ်သွားမည် ဖြစ်ကြောင်း ၂ ရက်နေ့က နန်နင်မြို့၌ ပြောကြားသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။
၂၀၁၆ ခုနှစ် တရုတ်-အာဆီယံ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့် ဖိုရမ်ကို ၂ ရက်နေ့က နန်နင်မြို့၌ စတင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသည် ၆ နှစ် ဆက်တိုက် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပြီး အာဆီယံသည်လည်း ၄ နှစ် ဆက်တိုက် တရုတ်ပြည်၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်လာပြီ။
ယင်းဖိုရမ်တွင် မြန်မာ ကုန်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းရေးမှူးချုပ်၊ ကမ္ဘောဒီးယား ဖွံ့ဖြိုးရေးကောင်စီ ဒုအတွင်းရေးမှူးချုပ် အပါအဝင် အဆင့်မြင့် အရာရှိများသည် မိမိနိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင်ကို မိတ်ဆက် ရှင်းလင်း ပြောကြားပြီး တရုတ် လုပ်ငန်းကုမ္ပဏီများအား မြန်မာနှင့် ကမ္ဘောဒီးယားသို့ သွားရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်လည်း ဖိတ်ခေါ်ကြသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အတွင်းရေးမှူး၊ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုဥက္ကဋ္ဌ တုချင်းလင်သည် ဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင်၊ တရုတ်-အာဆီယံ ဒေသတွင်း ငွေကြေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ ရန်ပုံငွေ၊ အပေါင်ခံ ဘဏ်ချေးငွေ၊ အာမခံ အပါအဝင် ငွေရင်း စွဲဆောင်မှုများကို တိုးချဲ့ခြင်းနှင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေလဲနှုန်း အန္တရာယ်နှင့် လုပ်ငန်းကုမ္ပဏီများ၏ ကုန်ကျစရိတ်များ လျော့နည်းစေခြင်းတို့သည် နှစ်ဖက် ကုန်ထုတ် စွမ်းအား ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖေါ်ဆောင်စေရန် အရေးကြီး အချက် တစ်ချက်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။