တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးကို ၁၄ ရက်နေ့က ယူနန် ပြည်နယ် ယုရှီးမြို့၌ ကျင်းပခဲ့သည်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက၊ တရုတ်-အာဆီယံ ဆက်ဆံမှုသည် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ ဆက်ဆံမှုများ အနက် အနှစ်သဘောကျမှု၊ အပြန်အလှန် အကျိုးရှိမှုနှင့် အပြုသဘောဆောင်မှု အရှိဆုံး ဖြစ်ကြောင်း ဖေါ်ပြကြသည်။ တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်ပြီး တရုတ်နှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက၊ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းကို ဘက်စုံ ထိရောက် ပြည့်စုံစွာ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပင်လယ်ရေးရာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်မှုမူ တိုင်ပင်ဆွေးနွေးပွဲကို တက်ကြွစွာ တွန်းအားပေးရမည် ဖြစ်ပြီး ညီညွတ်သည့် အခြေခံပေါ်တွင် ဆောင်ရွက်မှုမူကို အမြန်ဆုံး အတည်ပြုနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း ဖေါ်ပြကြသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တရုတ်-အာဆီယံ ဆက်ဆံမှု ညှိနှိုင်းရေးနိုင်ငံ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဝေဝင်တို့ ပူးတွဲ ကြီးမှူး ကျင်းပခြင်း ဖြစ်သည်။
အစည်းအဝေး အပြီးတွင် ဝမ်ယိက၊ မိမိတို့သည် တောင်ပင်လယ် ငြိမ်းချမ်း တည်ငြိမ်မှုကို လက်တွဲ ထိန်းသိမ်းရမည် ဖြစ်ပြီး ဒေသတွင်း လုံခြုံမှုနှင့် စည်ပင်သာယာမှုကို တွန်းအားပေးရမည်ဟု အလေးထား ဖေါ်ပြကြကြောင်း၊ တရုတ်-အာဆီယံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို မထိခိုက်စေရန်အတွက် တောင်ပင်လယ် ပြဿနာကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဟုလည်း ထပ်လောင်း အတည်ပြုကြကြောင်း၊ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းပါ ပဒ်မ ၄ တွင် တိုက်ရိုက် ဆက်စပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတို့ ချစ်ကြည်စွာ စေ့စပ် တိုင်ပင် ဆွေးနွေးသော နည်းလမ်းဖြင့် အသေးစိတ် အငြင်းပွါးမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရမည်ဟု သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။