ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး H.E.

2016-06-17 15:59:58 |သတင်းအရင်းအမြစ် 中华网

နေပြည်တော် ဇွန် ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး H.E. Mr. Jean-Marc AYRAULT က ယနေ့(ဇွန် ၁၇ရက်)နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ကြောင်း Ministry of Foreign Affairs Myanmar တွင်ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး H.E. Mr. Jean-Marc AYRAULT တို့ တွေ့ဆုံရာတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ကိစ္စ၊ ပြင်သစ်နိုင်ငံမှ ပံ့ပိုးပေးနေသည့် လူသားအရင်းအမြစ်နှင့် အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ကိစ္စ၊ မြန်မာနိုင်ငံရှိ မြို့တော်များ အတွက် မြို့ပြစီမံကိန်းများဆိုင်ရာကိစ္စ၊ ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စ စသည်တို့ကို အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီးနှင့်အတူ ဇနီးဖြစ်သူပါ လိုက်ပါ လာပြီး ၀န်ကြီးနှစ်ဦး ၏ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးအား ၎င်း၏ဇနီးနှင့် သီးခြားမိတ်ဆက် ပေးပြီး ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက် အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့သည်။ ဓာတ်ပုံ-Ministry of Foreign Affairs Myanmar RT