ရှီကျင့်ဖိန်နှင့် ဒူဒါတွေ့ဆုံဆွေးနွေး

2016-06-21 14:22:17 |သတင်းအရင်းအမြစ် 中华网

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀ရက်နေ့က ဝါဆောမြို့တော်တွင် ပိုလန် သမ္မတ ဒူဒါနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခေါင်းဆောင်နှစ်ဦးတို့သည် တရုတ်-ပိုလန် ဆက်ဆံရေး ကို ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး အဖြစ် တိုးမြှင့်ပြီး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ကာ နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးများကို လက်တွေ့ဆောင်ကြဉ်းလာရန် တညီတညွတ်တည်း ဆုံးဖြတ်ကြကြောင်း သိရသည်။

၂၀၁၁ခုနှစ်က တရုတ်နှင့် ပိုလန် နှစ်နိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို ထားရှိကြောင်း၊ ပိုလန်သည် ဆာဗီးယား ပြီးလျှင် အလယ်နှင့် အရှေ့ ဥရောပ ဒေသတွင် တရုတ်ပြည်၏ ဒုတိယ မဟာဗျူဟာ မိတ်ဖက် နိုင်ငံလည်း ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က နှစ်ဖက်တို့သည် တရုတ်-ပိုလန် ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး အဖြစ် တိုးမြှင့်ရန် တညီတညွတ်တည်း သဘောတူကြကြောင်း၊ ယင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေး ဦးတည်ချက်ကို ချမှတ်ပေးကြောင်း၊ နှစ်ဖက်တို့သည် အပြန်အလှန် လေးစားရေး၊ အပြန်အလှန် အကျိုးရှိစေရေးနှင့် အတူတကွ အောင်မြင်မှု ရရှိရေးမူများ၏ အခြေခံပေါ်တွင် နှစ်နိုင်ငံ ဆက်ဆံမှု ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးရန် တညီတညွတ် တည်းယူဆကြကြောင်းလည်း ပြောကြားသည်။

ထို့အပြင်၊ နှစ်နိုင်ငံတို့သည် တရုတ်နှင့် ပိုလန် ပူးပေါင်းဆောင်ရွက်ရေး စီမံချက် ပူးတွဲ ရေးဆွဲချမှတ်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ချုပ်ဆိုပြီး သတင်းအချက်အလက် ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ထုတ်လုပ်နိုင်စွမ်း၊ ပညာရေးနှင့် ယဉ်ကျေးမှု အပါအဝင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ၁၀ခုကျော်ကိုလည်း ချုပ်ဆိုခဲ့ကြကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ဒူဒါတို့သည် လက်မှတ်ရေးထိုးချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။