ရန်ကုန် ဇွန် ၂၀
ရက်တစ်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံကိန်းမှ မြန်မာနိုင်ငံ ဖွံဖြိုးမှု အလားအလာ ခေါင်းစဉ်ဖြင့် FMI ကုမဏီ၊ Yoma Bank တို့၏ ဥက္ကဌ ဦးသိန်းဝေမှ ဇွန်လ ၁၈ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ဟောပြောခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ဦးသိမ်းဝေမှ မြန်မာနိုင်ငံအတွင်း စီပွားရေးလုပ်ကိုင်နေသည့် တရုတ်လူမျိုး လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အမြတ်ရရှိရေးကို ဦးစားမပေးဘဲ ပတ်ဝန်းကျင် ပြည်သူလူထု၏ အသံကို နားထောင်မှသာ အောင်မြင်နိုင်မည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်မယ်ဆို ရေရှည်အမြစ်တွယ်ဖို့လိုပါတယ်။ စာချုပ်တခုလုပ် အမြတ်ရပြီးပြန်ထွက်သွားရင် ရေရှည်မှာအဆင်မပြေနိုင်ဘူး။ လုပ်ငန်းပတ်ဝန်းကျင်က ပြည်သူလူထုအဆင်ပြေဖို့ ထည့်စဉ်းစားရမယ် ဟု ၎င်းကဆိုသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် CSR လုပ်ငန်းများကိုပါလုပ်ကိုင်သင့်ပြီး ပတ်ဝန်းကျင်ပြည်သူလူထု၏ နေထိုင်မှု ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ပြည်သူလူထုသာယာမှုတို့ကို ထည့်သွင်း ဂရုစိုက်ရန်လိုအပ်ပြီး ယင်းအချက်များကို ပစ်ပယ်ပါက လုပ်ငန်းရေရှည်တွင် အောင်မြင်ရန် ခက်ခဲသည်ဟု ၎င်းကဆိုခဲ့သည်။
ဦးသိမ်းဝေသည် ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည့် တရုတ်နွယ်ဖွားတစ်ဦးဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် ဟောင်ကောင်တွင် Serge Pun & Associates Ltd ကိုတည်ထောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် Serge Pun & Associates (Myanmar) Ltd. ကိုထူထောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍအများအပြားတွင် လုပ်ကိုင်နေပြီး FMI ကုမ္ပဏီ၊ Yoma Strategic Holding Ltd/ နှင့် Yoma Bank တို့ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
အောင်သော်ဖြိုး