မန္တလေး ဇွန် ၂၁
ပြီးခဲ့သည့်မေလက ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည့် စာရေးဆရာကိုပညာ(အမရပူရ) ဆရာတော် ဦးပညာဇောတအတွက် အထိမ်းအမှတ်ပြတိုက် စာကြည့်တိုက် နှင့် ဗိမာန်ဥယျာဉ်တည်ဆောက်နိုင်ရန် မန္တလေး စာပေအသိုင်းအ၀ိုင်းက ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်ကိုလည်း ယမန့်နေ့ဇွန် ၂၀ ရက်နံနက်ပိုင်းက အထိမ်းအမှတ်ကော်မ တီတစ်ရပ်ဖွဲ့စည်းလိုက်ကြပြီး အဆိုပါ ကော်မတီတွင် သြ၀ါဒါစရိယဆရာတော်သံဃာတော် ၃ ပါး နှင့် စာပေအနုပညာရှင် ၁၁ ဦးပါဝင်ကြောင်း ကော်မတီကသတင်းထုတ်ပြန်သည်။
ကော်မတီအနေနှင့် ဆရာတော်စုဆောင်းထိန်းသိမ်းထားရှိခဲ့သည့် သမိုင်းအထောက်အထားပစ္စည်းများ၊ မှတ်တမ်းများကို စာကြည့်တိုက်ပညာရှင်များ၊ သမိုင်းပညာရှင်များအကူအညီဖြင့်မှတ်တမ်းတင်ရန်၊ ဆရာတော် သီတင်းသုံးနေထိုင်ခဲ့သည့်ကျောင်းဆောင်အား အထိမ်းအမှတ်ပြတိုက်၊ စာကြည့်တိုက် အဖြစ်ပြုလုပ်ရန်၊ ဆရာတော်၏အရိုးအိုးထည့်သွင်းပူဇော်ထားရှိသည့်ဗိမာန်တစ်ဝိုက်အား ဥယျာဉ်အဖြစ်ဖော်ဆောင်ရန်၊ တောင်လေးလုံးကျောင်းတိုက် အတွင်း အမှတ်တရကျောက်တုံးထားရှိမှုနှင့်ပတ်သက်၍ စီစဉ်ပေးသွားရန် စသည်တို့ကိုတာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့စာပေလောက၌ စာပေအနုပညာအသိုင်းအ၀ိုင်းကသာမကဘဲ နိုင်ငံရေးအသိုင်းအ၀ိုင်းကပါ နှစ်သက်မြတ်နိုးကြသည့် အမရပူရတောင်သမန်အင်း ဇောင်းအနီးက တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတဘွဲ့အမည်ရှိသော စာရေးဆရာကိုပညာ(အမရပူရ)သည် ပြီးခဲ့သည့်မေ ၂၁ ရက် ကဆုန်လပြည့် နေ့က ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ရုပ်ကလာပ်တော်ကို လင်းဇင်းကုန်းသုဿန်တွင် မန္တလေး စာပေ အသိုင်းအ၀ိုင်း၏ ဦးဆောင်မှုဖြင့်မီးသဂြီုလ်ပူဇော်ခဲ့ကြသည်။
ဆရာတော်၏အရိုးများကို ယမန်နေ့နယုန်လပြည့်နေ့က ကျောင်းတိုက်ပရ၀ုဏ်အတွင်း အထိမ်းအမှတ်ဂူဗိမာန်တစ်ခုဖြင့် ထည့်သွင်းမြှုပ်နှံခဲ့ရာမှ ဆက်လက်၍လည်း ဗိမာန်ဥယျာဉ်ကြီး တစ်ခုတည်ဆောက်သွားကြရန် မန္တလေးစာပေအသိုင်းအ၀ိုင်းက စီစဉ်ဆောင်လျက်ရှိကြောင်းသိရသည်။
ကျော်ထွေး