ဒဂုံမြို့သစ် (အရှေ့ပိုင်း )ရှိ နိုင်ငံတော်ပိုင် သိမ်းဆည်းခဲ့သည့် မြေပေါ်တွင် အိမ်

2016-06-22 15:07:49 |သတင်းအရင်းအမြစ် 中华网

ရန်ကုန်  ဇွန် ၂၁

ဒဂုံမြို့သစ် (အရှေ့ပိုင်း )ရှိ နိုင်ငံတော်ပိုင် သိမ်းဆည်းခဲ့သည့် မြေပေါ်တွင် အိမ်ဆောက်လုပ်မှုများ ပြုလုပ်နေကြောင်း သိမ်းဆည်းခံ မြေပိုင်ရှင်က ယနေ့ မွန်းလွဲပိုင်းက သတင်းစာ ရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့သည်။ ဒဂုံမြို့သစ် (အရှေ့ပိုင်း )၊ (၇) ရပ်ကွက်တွင် စီမံကိန်းအတွက် ၁၉၉၀ ခုနှစ်က သိမ်းဆည်းခံခဲ့ရသည့် စီမံကိန်းမြေများအနက် အသုံးမပြုသည့် မြေပိုများကို ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းမှစကာ မြေကွက်ရိုက်ပြီး အိမ်ဆောက်လုပ်မှုများရှိလာသဖြင့် သိမ်းဆည်းခံ မြေပိုင်ရှင် ဦးသိန်းမြိုင်က သက်ဆိုင်ရာ ဌာနများသို့တိုင်ကြားများပေးပို့ခဲ့ကြောင်း ဦးသိန်းမြိုင်က ပြောကြားခဲ့သည်။

 '' လူနေအိမ်ဆောက်လုပ်ထားခြင်းမရှိသေးတဲ့ မြေနေရာကို ၂၀၁၄ ခုနှစ်က နိုင်ငံတော်ကို ပြန်ပြီး လျှောက်ထားခဲ့ပါတယ်။သို့သော်မယ့် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမျိုး မရှိခဲ့ဘူး။ ကျွန်တော်ပြန်လည်လျှောက်ထားတဲ့မြေပေါ်မှာ အိမ်တွေလာဆောက်တယ် '' ဟု ၎င်းက ဆိုသည်။

 အဆိုပါမြေများကို ယခင်က ဦးသိန်းမြိုင် ပိုင်ဆိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း ရပ်ကွက်နေပြည်သူများက ထောက်ခံမှုပြုခဲ့ပြီး ယခုဆောက်လုပ်နေသည့် အိမ်များသည် အများပြည်သူပိုင် မြေများပေါ်အထိ ကျူးလွန်မှုများရှိနေကြောင်း ရှင်းလင်းပွဲတွင်ပြောကြားခဲ့ကြသည်။

'' ကျွန်တော်က ၂၀၁၆ ခုနှစ်မှ အသစ်တက်တဲ့သူဆိုတော့ အရင်က ကိစ္စတွေကိုမသိပါဘူး။ ဒါပေမယ့် ဒီအိမ်တွေကို ဦးဆောင်ပြီး ဆောက်နေတဲ့သူကတော့ မြို့နယ် အုပ်ချုပ်ရေးတို့၊ စည်ပင်တို့နဲ့ ရင်းရင်းနှီးနှီး ရှိတဲ့သူပါပဲ ' ယင်းကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ အငြင်းပွားနေကြသည့်မြေကို စီမံကိန်းကာလကပင် မြေကွက်များရိုက်ထားသော်လည်း မည်သူ့ကို ပိုင်ဆိုင်ခွင့်ပေးထားခဲ့သည် ဆိုသည့် အထောက်အထားများ မရှိသည့်အပြင် လက်ရှိဆောက်လုပ်နေထိုင်နေသူများထံတွင် လည်း ဂရန်ကဲ့သို့သော ခိုင်မာသည့် ပိုင်ဆိုင်ခွင့်အထောက်အထားများ မရှိကြောင်း သိရသည်။

စည်သူ