အမေရိကန်ပြည်ထောင်စုမှ အသံလွှင့်ဌာနတစ်ခုတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် ဒီဂျေသမားအဖြစ် လုပ်ကိုင်နေသူတစ်ဦးက အိုင်ဖုန်းမှာ သူ့အတွက် ဈေးကြီးလွန်းလှသောကြောင့် တခြား သူလည်းတတ်နိုင် ယုံယုံကြည်ကြည်လည်းသုံးစွဲနိုင်မည့် စမတ်ဖုန်းတစ်လုံးကို ညွှန်ပေးရန်အတွက် WeChatမှတစ်ဆင့် ဆက်သွယ်လာခဲ့သည်။
သူ့ခမျာ အောင်မြင်အဆင်ပြေသည့်အလုပ်ကို လုပ်နေသော်လည်း Apple ကိရိယာများကို မတတ်နိုင်။ ဘတ်စ်ကားပေါ်မှသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် စီးပွားရေးအလုပ်စားပွဲများအထိ အလွှာစုံမှ တရုတ်လူမျိုးများ အိုင်ဖုန်းများ ကိုင်နေကြသည်ကို ကျနော်တွေ့ဖူးသည်။
အရိုးသားဆုံးပြောရလျှင် ကျနော်ကိုယ်တိုင်လည်း အိုင်ဖုန်းမကိုင်နိုင်ပါ။ သို့သော် အိုင်ဖုန်းလုပ်ငန်းစနစ်က ကျနော်၏ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှုကို ကာကွယ်နိုင်လောက်အောင်တော့ မလုံလောက်ဟု အခြားသူများကို ပြောလေ့ရှိပါသည်။ နောက်တော့ ဒီဂျေသမားက တောင်ပေါင်ဆိုင်လိုဂိုနှင့် တရုတ်လုပ် စမတ်ဖုန်းပုံကို ပြပြီး သူ ၀ယ်သင့်သလားဟု မေးပါသည်။ “ဈေးနှုန်းကြောင့်ဆိုရင်တော့ ရှောင်းမီဝယ်သင့်တယ်”ဟု ပြောလိုက်ပါသည်။
တရုတ်လူမျိုးအတော်များများမှာ သူတို့၏ ဘဏ္ဍာရေးချို့တဲ့မှုကို အထုပ်ဖြည်ပြရာရောက်သောကြောင့် ပစ္စည်းတစ်စုံတစ်ခုကို ဈေးကြီးသည်ဟု ပြောဖို့ ၀န်လေးကြသလို ထိုသို့ပြောသည်ကိုလည်း မယဉ်ကျေးဟု ယူဆကြသည်။ တစ်ခုခုကို သူတို့မတတ်နိုင်သောကြောင့် မ၀ယ်ဟု ၀န်မခံကြ၊ အခြားသော အကြောင်းပြချက်သာ ပေးလေ့ရှိကြသည်။
မျက်နှာပျက်အရှက်မရစေရန် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို တရုတ်များ အလွန်ဂရုစိုက်
အစဉ်အလာကြီးမားသော ယဉ်ကျေးမှုတစ်ခုအတွင်း လူထုကြား ပဋိပက္ခများကို ရှောင်ကျဉ်ရန်နှင့် ပတ်ဝန်းကျင် အညမည ဟန်ချက်ညီနေစေရန်အတွက် စကားနည်းရန်စဲ ကျစ်ကျစ်လျစ်လျစ် ပြောကြသည်။ ယဉ်ကျေးမှုအရ နားထောင်သူများက အကင်းပါးရသော်လည်း နားလည်မှု လွဲသည်များလည်း ရှိသည်။
တစ်စုံတစ်ယောက်၏ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို လေးစားအသိအမှတ်ပြုခြင်းကို တရုတ်ဘာသာဖြင့် မီယယန်ရှီဟု ခေါ်ပြီး တစ်စုံတစ်ယောက်၏ ဂုဏ်သတင်းနှင့် ခံစားချက်များဟု အနက်ဖွင့်နိုင်သည်။ တရုတ်လူမျိုးများနှင့် ဆက်ဆံရာတွင် အဓိကအချက်မှာ မျက်နှာပျက်အရှက်မရစေရေးပင်ဖြစ်သည်။
မီယန်ရှီယဉ်ကျေးမှု၏ အားသာချက် အားနည်းချက်များ
မီယန်ရှီယဉ်ကျေးမှု၏ အားသာချက်တစ်ခုမှာ မြင့်မားသော ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုက မြင့်မားသော အဆင့်အတန်းများသို့ ဦးတည်သွားနိုင်ခြင်းပင်ဖြစ်သည်။ တရုတ်မိဘများမှာ သူတို့၏ သားသမီးများအတွက် မျှော်လင့်ချက် မြင့်မြင့်ထားသောကြောင့် အမေရိကန်မိဘများထက်စာလျှင် တရုတ်မိဘများထံမှ ချီးမွမ်းစကား ကြားရဖို့ ပိုခက်ပါသည်။ သို့ရာတွင် လူပုံအလယ်တွင် သားသမီးများ၏ အောက်မြင်မှုအတွက် တရုတ်မိဘများက ကြွားဝါလေ့ရှိကြပါသည်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားသော ယဉ်ကျေးမှုက တင်းကျပ်သော အုပ်ထိန်းမှုကို ဖြစ်ပေါ်စေပြီး သူတို့ကလေး ကျောင်းတွင်၊ အလုပ်တွင် ကောင်းကောင်းစွမ်းဆောင်နိုင်လျှင် မိသားစုဂုဏ်တက်၍၊ မျှော်လင့်သလို ဖြစ်မလာလျှင် မိသားစု မျက်နှာပျက်ရသည်ဟု မိဘများက ခံစားတတ်ကြသည်။
မီယန်ရှီ အစဉ်အလာက ပြင်းပြင်းထန်ထန် အလုပ်လုပ်ရန် တရုတ်ကလေးငယ်များကို တွန်းအားပေးသော်လည်း ကလေးငယ်များ၏ တစ်သီးပုဂ္ဂလသဘာဝကိုမူ လျစ်လျူရှုထားပါသည်။ အမှုထမ်းဘ၀ (သို့မဟုတ်) အကယ်ဒမစ်ဘ၀တွင် မအောင်မြင်ပါက သူတို့ အရှက်ရကြရသည်။
သို့ရာတွင် တရုတ်နိုင်ငံလမ်းများပေါ်တွင် အိမ်ခြေယာမဲ့များကို တွေ့ရခဲပါသည်။ အရှက်တရားက တရုတ်လူမျိုးများကို လူလယ်ခေါင်တွင် သူတို့၏ အားနည်းချက်များကို ထုတ်မပြအောင် တားဆီးထားပါသည်။ ရံဖန်ရံခါမှသာ သူတောင်းစားများကို တွေ့နိုင်ပြီး၊ သူတို့ကို တစ်ဦးချင်းထက် ဂိုဏ်းများက ထိန်းချုပ်ထားပါသည်။
ကံမကောင်းစွာပင် တရုတ်အတော်များများမှာ သူတို့ဂုဏ်တက်ရန် စည်းစိမ်ဥစ္စာများကို ထုတ်ပြကြွားဝါလေ့ရှိကြသည်။ အချို့ဆိုလျှင် သူတို့၏ ဘ၀ကို ၀င်ငွေဘတ်ဂျက်အရ နေထိုင်ကြသည်ပင်မဟုတ်ပါ။ နှစ်နှစ်သုံးနှစ်အလွန်က တရုတ်လူငယ်တစ်ယောက်က အိုင်ဖုန်းတစ်လုံးဝယ်ရန် ကျောက်ကပ်တစ်လုံး ထုတ်ရောင်းခဲ့ဖူးသည်။ ၄င်းကို ကိုယ့်ကိုယ်ကို အနစ်မွန်းခံ၍ ကြွားဝါသည်ဟု ခေါ်သည်။
ဤမျှလောက်ဆိုလျှင် အပြင်လူတစ်ယောက်အဖို့ တရုတ်လူမျိုးများအတွက် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု မည်မျှအရေးကြီးသည်ကို ဆ၀ါးမိနိုင်ပြီ။ အကယ်၍ သင်သည် တရုတ်တစ်ယောက်မဟုတ်သော်လည်း တရုတ်များနှင့် ဆက်ဆံနေရသူဖြစ်လျှင် သူတို့ကို လူပုံအလယ်တွင် မျက်နှာရပါစေ။
AM
Ref: Understanding self-esteem for the Chinesek, CCTV