အင်တာနက်စွဲသူတွေကို စစ်သင်တန်းကျောင်းလို ခပ်ကြမ်းကြမ်း ကုစားပေးမယ် တရုတ်ကုသရေးစခ

2016-06-22 15:17:40 |သတင်းအရင်းအမြစ် 中华网

စီအင်အင်

ပေကျင်း၊  ဇွန်-၂၀

လော်ရင်ဇို မာကော့တာမှာ အင်တာနက်စွဲနေသူ လူငယ်များအတွက် ဖွင့်လှစ်ထားသည့် တရုတ်ကုသရေးစခန်းသို့ ရောက်သည့် ပထမဆုံးနေ့တွင် အခြားသူများလိုပင် နံနက် ၅နာရီတွင် အိပ်ယာထ၊ ကာယလေ့ကျင့်ခန်းလုပ်၊ နေ့လယ်စာစား၊  အနားယယူ၊ လေ့ကျင့်ခန်းထပ်လုပ်၊ ကျင့်ဝတ်သင်္ခန်းစာများသင်ယူ၊ စစ်ကားများကြည့်၊ ညစာစား၊ အိပ်ယာဝင်ရသည်။

အသက် ၃၃နှစ်အရွယ် ဓာတ်ပုံဆရာမှာ အွန်လိုင်းဂိမ်းကစားခြင်းလို နည်းပညာကို အလွန်အကျွံသုံးစွဲနေသည့် တရုတ်လူငယ်များ ၄င်းတို့၏ စွဲလန်းမှုကို ကုစားရာ ရာပေါင်းများစွာသော စစ်တပ်ပုံစံ စခန်းများထဲမှ တစ်ခုသော စခန်းတွင် ရက်သတ္တပတ်တစ်ပတ်တာ နေထိုင်ကုန်ဆုံးခဲ့ရသည်။အပြင်လူတစ်ယောက်အနေနှင့်ပင် ကိုယ့်အမြင်ကို ထိန်းသိမ်းထားပြီး၊  ပရိုဂရမ်၏ ပြင်းထန်တင်းကျပ်မှုမှ ခပ်ခွာခွာနေရန် ခက်ခဲလှပါသည်။“အဓိက စိန်ခေါ်မှုက ကျောင်းက ပြဌာန်းထားတဲ့ ထပ်တလဲလဲအလုပ်တွေက စိတ်ကို ဖယ်ခွာထားတာပဲ။အမြင်တစ်ခုရလာဖို့ အကွာအဝေးကို သတ်မှတ်ရတာ လွယ်တော့မလွယ်ဘူး”ဟု ဓာတ်ပုံဆရာ လော်ရင်ဇို မာကော့တာက ပြောသည်။ သူပြောသည့်  အတွင်းလူများထဲတွင် ယောက်ျားလေး၊ မိန်းခလေးများ၊  လူကြီးသူမများလည်း  ပါဝင်နေသည်။ အငယ်ဆုံးမှာ ၈နှစ်နှင့် အကြီးဆုံးမှာ အသက်၃၀ဖြစ်သည်။ အများစုမှာ မိသားစုက သူတို့၏ ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာရေးကို စိုးရိမ်လာကြသောကြောင့် တစ်ခါတစ်ရံတွင် ရုန်းကန်အော်ဟစ်နေသည့်ကြားမှပင် ကုသရေးဌာနသို့ အတင်းအဓမ္မ ခေါ်ဆောင်လာခဲ့ရသူများပင် ဖြစ်သည်။ကုသရေးဌာနတွင်တော့ သူတို့မှာ စည်းကမ်းနှင့်အညီ နေထိုင်ကြရပြီး ထပ်တလဲလဲအလုပ်များကိုလည်း လုပ်ကြရသည်။ ဌာနခေါင်းဆောင်များကမူ ဤနည်းဖြင့် သူတို့၏ စွဲလန်းမှုကို  ကုစားနိုင်သည်ဟု ပြောကြသည်။ ရက်သတ္တပတ် အနည်းငယ်သို့မဟုတ် လပေါင်းများစွာ နေထိုင်ကုစားကြရသည်ဟု မာကော့တာက ပြောသည်။

“သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အဖျက်စီးခံလိုက်ရတယ်။ တိတ်ဆိတ်နာခံနေကြရတယ်။ ၀မ်းနည်းတဲ့ပုံမပြပေမယ့်လည်း မိသားစုမိတ်ဆွေတွေကို လွမ်းနေမှာသေချာပါတယ်”ဟု မာကော့တာက ပြောသည်။

သူတို့မှာ အင်တာနက်ကို အမှန်တကယ်လည်း စွဲလန်းနေကြပြီး ထိုစွဲလန်းမှုက ရံခါတွင်  ဒုက္ခရောက်စေသည်မှာလည်း အမှန်ဖြစ်သည်ဟု မာကော့တာက ပြောသည်။ မာကော့တာက ၂၀၁၄ခုနှစ်ကတည်းက သတင်းနှင့်  ဆက်သွယ်ရေးနည်းပညာများက ကမ္ဘာကြီးကို ဘယ်ပုံပြောင်းလဲပစ်သည်ကို ထင်ဟပ်သည့် ဓာတ်ပုံများကို ရိုက်ယူမှတ်တမ်းတင်လာခဲ့သည်။

တရုတ်နိုင်ငံက အင်တာနက် ဂိမ်းကစားခြင်း၏ စွဲလန်းစေတတ်သော သဘာဝကို သတိမူမိလာရာမှ မာကော့တာ သွားရောက်လည်ပတ်သည့် ကုသရေးဌာနကဲ့သို့သော  နေရာများကို ဖွင့်လှစ်လာခဲ့ခြင်းပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင်မူ အမေရိကန် စိတ်ပညာအသင်းကြီးက အင်တနက် ဂိမ်းကစားခြင်းမူမမှန်မှုဟု ဖော်ပြခဲ့သည်။

ဒေသခံစကားပြန်တစ်ယောက်၏  အကူအညီဖြင့် မာကော့တာမှာ  တရုတ်ကုသရေးဌာနမှ လူများနှင့် စကားပြောခွင့်ရခဲ့သည်။ နာရီ၃၀ကြာ မထတမ်း  ဗွီဒီယိုဂိမ်းကစားသည့် လူနှင့်တွေ့ဆုံခဲ့သလို၊ ဒစ်ဂျစ်တယ်ကမ္ဘာထဲ နစ်မြုပ်နေသောကြောင့် အပြင်လောကနှင့် မထိမတွေ့သည့် လူအချို့နှင့်လည်း စကားပြောခဲ့ရသည်။

“ကောင်လေးတွေ ဗွီဒီယိုဂိမ်းကို အစွဲကြီးစွဲနေရတာက သူတို့ နက်သည်ထက်နက်နက် တိုးဝင်ရာ အမှန်ယောင်ကမ္ဘာထဲမှာ စိတ်ကျေနပ်မှုရလို့ပါ”ဟု မကော့တာက ပြောသည်။ သို့ရာတွင် ဌာနကို ခေါင်းဆောင်နေသည့် အာဏာပိုင်များကမူ ၄င်းတို့၏ ကုထုံးများဖြစ်သည့် ပြင်းထန်သော ကိုယ်ကာယလေ့ကျင့်ခန်းနှင့် ကွန်ပျူတာကို လုံးဝမထိမတွေ့မှုက အစွဲအလန်းကို ကုစားဖြတ်တောက်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။

ထိုကုထုံးများက လူငယ်များကြားတွင် လူ့အဖွဲ့အစည်းက ဘာကို လက်ခံသည်၊ လက်မခံသည်ဟူသော အသိတရားကို နိုးကြားလာစေမည်ဟုတော့ မာကော့တာကိုယ်တိုင်ကလည်း သဘောတူထောက်ခံသောလည်း အလုပ် ပြင်းပြင်းထန်ထန်လုပ်ပြီး တင်းကျပ်သော စည်းကမ်းများအောက်တွင် ရက်ပေါင်းများစွာ အထီးကျန်နေရသည်ကိုမူ မာကော့တာက သံသယရှိနေသည်။

“မြီးကောင်ပေါက်တစ်ယောက်အတွက် ဒီလိုနေရတာ ပြင်းထန်လွန်းပါတယ်။ ဒီနည်းက အလုပ်ဖြစ်တယ်လို့ ကျနော်မထင်ဘူး”ဟု မာကော့တာက သံသယနှင့် ဆိုသည်။

AM