သဘာဝပေါက် မိုးဦးကျ မှိုပေါက်ဈေး တစ်သောင်းကျပ် ဝန်းကျင်ဖြင့် ဈေးကောင်းနေ

2016-06-23 11:23:16 |သတင်းအရင်းအမြစ် 中华网

ရန်ကုန် ဇွန် ၂၂

မိုးဦးကျအချိန်တွင် လူအများစု ကြိုက်နှစ်သက်သည့် မိုးဦးကျမှိုပေါက်ဈေးသည် တစ်ပိသာ တစ်သောင်းကျပ်ဝန်းကျင် ရှိကြောင်း မှိုရောင်းချသူများနှင့် စားသုံးသူများထံမှ သိရသည်။

 စိုက်ပျိုးရေးမှိုသည် အလွယ်တကူ ရရှိနိုင်သော်လည်း မိုးဦးကျချိန်မှ ရရှိသောမှို (အများ အခေါ်တောမှို) သည် ရရှိရန်မလွယ်ကူ သကဲ့သို့ စားသုံးရာတွင်လည်း အရာသာကောင်းမွန်လှကြောင်း မှိုစားသုံးသူ ဒေါ်အေးမြင့်ကပြောသည်။

'' စိုက်ပျိုးရေး မှိုနဲ့ တောမှိုနဲ့က မတူဘူး။ စားရတာခြင်းကိုက အရသာကွာတယ်လေ။ ပြီးတော့ တောမှိုက ပိုက်ဆံရှိလို့ စားချင်ရင်တောင် အချိန်ကျမှ စားလို့ရတာပါ။ ဈေးလည်း ကြီးတယ်လေ''ဟု ၎င်းကဆိုသည်။ မိုးဦးကျချိန်တွင် ရရှိတတ်သော တောမှိုများကို ရှာဖွေရာတွင် နှစ်စဉ်မှိုရှာဖွေသူများက နေရာအမှတ်အသားပြုလုပ်ကာ ရှာဖွေရခြင်း ဖြစ်ပြီး မှိုပွင့်နှင့် မှိုအငုံဟူ၍ အမျိုးအစား ၂ မျိုး ခွဲခြားထားပြီး ဈေးနှုန်းခြင်းလည်း မတူကြောင်း အမည်မဖော်လိုသည့် မှိုရောင်းချသူ တစ်ဦးက ပြောသည်။

 '' အငုံနဲ့ အပွင့်က ဈေးရတာခြင်း မတူဘူးလေ။ အငုံက ဈေးပိုရတယ်။ ပြီးတော့သူက ရှားတယ်လေ။ မိုးဦးကျချိန်တော့ မိုးထိလိုက်တာနဲ့ အငုံတွေက ပွင့်ကုန်ရော။ ဒါကြောင့် အငုံကရှားတယ်။ အရသာလည်း အငုံက ပိုအရသာရှိတယ်''ဟု ၎င်းကပြောသည်။

ယခု မိုးဦးကျချိန်တွင် မှိုအပွင့်ပေါက်ဈေးသည် ၁၀၀၀၀ ကျပ် ဝန်းကျင်ပေါက်စေရှိပြီး မှိုအငုံသည် ၁၅၀၀၀ ကျပ် ဝန်းကျင်ပေါက်ဈေးရှိသည်။ မှိုသည် မိုးဦးကျချိန်တွင် ၃ ကြိမ်တိုင် ရှာဖွေနိုင်ကြောင်း သိရသည်။ မှိုရှာဖွေသူများက ကိုယ်တိုင်ရောင်းချခြင်းများ ရှိသကဲ့သို့ တစ်ဆင့်ဖောက်သည်ပေးကာ ရောင်းချခြင်းများလည်း ရှိပြီး တစ်ဆင့်ပြန်ရောင်းသူများထံမှ မှိုပေါက်ဈေးနှုန်းသည် တိုက်ရိုက်ရောင်းသူများထက် ၂၀၀၀ ကျပ်ခန့် ပိုနေတတ်သည်။

 စည်သူ