ဇွန်လ ၂၂ရက်နေ့မှ ၂၄ရက်နေ့အထိ ၁၀ကြိမ်မြောက် တရုတ်-အာဆီယံ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ဆင်းရဲမှု လျှော့ပေါ့ရေး ဖိုရမ်ကို တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ကွေ့လင်းမြို့တွင် ကျင်းပကြောင်း၊ တရုတ်နှင့် အာဆီယံ ၁၀နိုင်ငံမှ အစိုးရ အရာရှိ၊ ပညာရှင်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ကျော်သည် ၄င်းဖိုရမ်သို့ တက်ရောက်ပြီး “One Belt and Roadနှင့် တရုတ်၊ အာဆီယံ ဆင်းရဲမှု လျှော့ပေါ့ရေး ပူးပေါင်းဆောင်ရွက်မှု”နှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။
တရုတ် နိုင်ငံတော် ကောင်စီ ဆင်းရဲသူ ကူညီပံ့ပိုးရေးရုံး ဒုဥက္ကဋ္ဌ ကျင့်ဝင်ခိုင်က ဆင်းရဲမှုမျိုးစုံကို ပပျောက်စေရေးသည် မျက်မှောက်အချိန်တွင် တရုတ်ပြည်နှင့် အခြားနိုင်ငံ များတို့ ရင်ဆိုင်နေကြရသော စိန်ခေါ်မှု ဖြစ်ကြောင်း၊ တရုတ် အစိုးရ အနေနှင့် ပြည်တွင်း ဆင်းရဲမှု ပပျောက်စေရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အာမခံပေးနိုင်သည့် တချိန်တည်းတွင် အာဆီယံ နိုင်ငံများနှင့် ဆင်းရဲမှု လျှော့ပေါ့ရေး ဆိုင်ရာ ကူးလူးဖလှယ်မှု နှင့်ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ပြုလုပ်ပြီး ဒေသခံ ပြည်သူများအား ပိုမိုများပြား သည့်နှစ်ဖက် ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို ခံစားစေလိုကြောင်း ၂၂ရက်နေ့က ပြောကြားသည်။
၎င်းက လက်ရှိအချိန်တွင် တရုတ် အစိုးရသည် တက်ကြွစွာ ဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ်ရောက်လျှင် လက်ရှိစံချိန်စံညွှန်းပေါ်တွင် မူတည်ပြီး ကျေးလက်ဒေသ၌ ဆင်းရဲမှု ပပျောက်စေရေးကို အကောင်အထည်ဖော်ရန် ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့သည်ဟု ပြောကြားကြောင်း၊ ထို့အပြင်၊ ၄င်းဖိုရမ်တွင် ကျင့်ဝင်ခိုင်သည် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များအား ဆင်းရဲမှု ပပျောက်စေရေး တွန်းအားပေးရန် တရုတ်ပြည်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။