မြို့သူမြို့သားများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အသိအမြင်ကို တိုးပွားစေရန် အတွက် ပီကင်းမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးရုံး စည်းရုံးကျင်းပသော ပီကင်းမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး သီတင်းပတ် လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားကို ၂၃ရက်နေ့က ဖုန်းထိုင်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် အွန်လိုင်းက ရေးသားဖော်ပြသည်။
ပီကင်းမြို့ ပါတီ ကော်မတီ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် တရားရေး ကော်မတီ အတွင်းရေးမှူး၊ ပီကင်းမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်း ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ ကျန်းယန်ခွင်၊ တရုတ်ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ ပီကင်းမြို့ ဒုမြို့တော်ဝန်၊ ပီကင်းမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်း ဦးဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ၊ ပီကင်းမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးရုံး ဥက္ကဋ္ဌ၊ ပီကင်းမြို့ ပြည်သူ့လုံခြုံရေး ဦးစီးဌာန ညွှန်ချုပ် ဝမ်ရှောင်ဟုန် အပါအဝင် ပီကင်းမြို့မှ ခေါင်းဆောင်များသည် ၄င်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပီကင်းမြို့ ပြည်သူ့ လုံခြုံရေး ဦးစီးဌာန ဒုညွှန်ချုပ် ချင်စီယွမ်က ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ခြုံပြီးပြောရလျှင် လက်ရှိအချိန်တွင် တရုတ်ပြည်တွင်း အခြေအနေ တည်ငြိမ်ကြောင်း၊ သို့သော် ပြည်တွင်းပြည်ပ အကြောင်းများကြောင့် အကြမ်းဖက်မှု တခါတလေ ဖြစ်ပွားခဲ့ကြောင်း၊ ယခုအကြိမ် အကြမ်းဖက်မှု တိုက်ဖျက်ရေး သီတင်းပတ် လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ လူအများက အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုကို တစ်ဆင့် တိုးသိရှိနားလည်စေပြီး ပြည်သူများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အသိအမြင်ကို တိုးမြှင့် ကာပီကင်းမြို့တော်၏ လူမှုရေး သင့်မြတ်သာယာရေးနှင့် တည်ငြိမ်ရေးကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်ရန် ဖြစ်ကြောင်း ပြောကြားသည်။