စီအင်အင်
ဘေကျင်း၊ ဇွန်-၂၇
ဘေကျင်းမြို့ခံများမှာ အသက်ရှူကျပ်စေသည့် မီးခိုးမြူများနှင့် အမှိုက်အညစ်အကြေးများ ပြည့်နှက်နေသည့် မြစ်များကို သည်းခံနေကြရသည်သာမက ယခု စိုးရိမ်စရာတစ်ခု တိုးလာသည်မှာ နစ်မြှုပ်ခြင်းပင်ဖြစ်သည်။
ဘေကျင်းအခြေစိုက် သုတေသီများ ခေါင်းဆောင်သည့် နိုင်ငံတကာ သုတေသနတစ်ရပ်အရ ပေကျင်းမြို့တော်ကြီး၏ အချို့သောရပ်ကွက်များမှာ တစ်နှစ်လျှင် ၁၁စင်တီမီတာ (၄လက္မ)နှုန်းခန့်ဖြင့် ကျွံဝင်နစ်မြှုပ်နေသည်ဟု ဆိုသည်။
ဂြိုဟ်တုပုံရိပ်များနှင့် ဂျီပီအက်စ်အချက်အလက်များကို အသုံးပြုပြီး သုတေသနအဖွဲ့က ၂၀၀၃မှ ၂၀၁၀ခုနှစ်အထိ ပထ၀ီအနေအထား လမ်းကြောင်းကို လေ့လာဆန်းစစ်ကြရာတွင် လူဦးရေ သန်း၂၀ကျော် မှီတင်းနေထိုင်သည့် မြို့တော်ကြီးမှာ ကြောက်စရာကောင်းသည့် နှုန်းဖြင့် နစ်မြှုပ်နေသည်ကို တွေ့ကြရသည်ဟု ဆိုသည်။
မြို့တော်၏ အလယ်ပိုင်းရပ်ကွက်များမှာ အဆိုးရွားဆုံးဖြစ်သည်ဟု ဆိုသည်။ အဓိကနစ်မြှုပ်သည့် ဧရိယာများမှာ ချောင်ယန်း၊ ချန်ဖျင်၊ ရွှန်းယီနှင့် တုန်ရှူးရပ်ကွက်များကို ဖြန့်ကျက်နေသည်ဟု ဆိုသည်။ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ဖြစ်သည့် ချောင်ယန်းမှာ အဆိုးရွားဆုံးဖြစ်ပြီး တစ်နှစ်လျှင် ၁၁စင်တီမီတာ ကျွံဝင်နစ်မြှုပ်နေသည်ဟု ဆိုသည်။
ဘေကျင်းမှာ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ရေရှားပါးမှုဒဏ်အခံရဆုံးနိုင်ငံဖြစ်ပြီး မြို့ပြထွန်းကားမှု ဆက်လက်တိုးတက်လာသည်နှင့်အမျှ မြေအောက်ရေ လျော့ပါးလာမှုမှာလည်း ပိုမိုဆိုးရွားလာဖွယ်ရှိသည်ဟု ဆိုသည်။