ရန်ကုန်၊ဇွန် ၂၈
ဘေးကင်းသော အစားအစာများကို ကျောင်းသားကျောင်းသူများ စားသုံးနိုင်ကြစေရေးအတွက် အခြေခံပညာကျောင်းအသီးသီးသို့ စာပို့အကြောင်းကြားမှုများကို လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ဇွန် ၂၇ ရက်က ပြောကြားခဲ့သည်။
"အခုစာပို့သွားဖို့ လုပ်နေပါတယ်၊ ရန်ကုန်တစ်ခုတည်းက ကျောင်းတွေတင်မကပါဘူး ဆရာတို့ ရုံးခွဲရှိတဲ့ ဒေသတိုင်းက ကျောင်းတွေကို ပေးပို့သွားမှာပါ"ဟု ၄င်းက ပြောကြားသည်။
ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဇွန်လကုန်မှစတင်၍ ကျောင်းတွင်း ဘေးအန္တရာယ်ကင်း ရှင်းရေး ပညာပေးစစ်ဆေးမှုအစီအစဉ်များကို ပြန်လည် ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ဆေးပညာပေးမှု မလုပ်ရသေးသည့် ဆင်ခြေဖုံးဒေသမှ အခြေခံပညာကျောင်းများကို အဓိကထားကာ လုပ်ဆောင်သွားရန် စီစဉ်ထားသည်။
ထို့အပြင် ကျောင်းမုန့်ဈေးတန်းအတွင်း မရောင်းချသင့်သော မု့န်များ၊ ရောင်းချသင့်သော မုန့်များ အပါဝင် အစားအစာဘေးကင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် နှင့် စစ်ဆေးပညာပေးမှုများ ပြုလုပ်လိုပါက အကြောင်းကြားရန် အချက်များပါရှိသောစာကို ပေးပို့သွားရန် စီစဉ်ထားလျက်ရှိသည်။
"ဈေးကွက်ထဲမှာ ရှိနေတဲ့ မုန့်တစ်ချို့ဟာဆိုရင် မြန်မာလိုကပ်မထားတဲ့အပြင် တခြားနိုင်ငံက ဘာသာစကားနဲ့ ရေးထားတယ်၊ အဲ့ဒီလို ရေးထားတိုင်းလည်း အိမ်နီးချင်းနိုင်ငံတစ်ခု ကနေ နယ်စပ်က တစ်ဆင့် သွင်းလာတာမျိုးလည်း ဟုတ်ချင်မှ ဟုတ်မယ်၊ အခုတော်တော်များများ တွေ့လာရတယ်၊ အထူးသဖြင့်က ဆင်ခြေဖုံးဒေသက ကျောင်းတွေမှာဆိုတော့ အဲ့ဒီသတင်းရတဲ့ ဒေသတွေကို အဓိကထားသွားမှာပါ"ဟု ယင်းအသင်းမှ ဒေါ်စိုးကလျာထိုက်က ပြောသည်။
ယခင်ပညာသင်နှစ်ကာလက စစ်ဆေး၍ပညာပေးခဲ့ပြီးဖြစ်သော ကျောင်းများ၌လည်း တစ်ကျော့ပြန်စစ်ဆေးမှုကို ပြုလုပ်ရန် စီစဉ်ခြင်းနှင့်အတူ ဥပဒေပိုင်းအရ တရားစွဲဆိုမှုများလည်း ပြုလုပ်ရန် အစီအစဉ်ရှိနေကြောင်း သိရသည်။
"ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် အင်းစိန်ဘက်က ကျောင်းတစ်ကျောင်းမှာရှိတဲ့ ကျောင်အုပ်ကြီးတစ်ဦးက အသင်းကိုအကူအညီတောင်း တိုင်ကြားစာ ပို့လာတာကြောင့်လည်း မြို့နယ်ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး ကျောင်းအရှေ့က ဆေးလိပ်ဆိုင်တွေကို ခံဝန်နဲ့ရှင်းပေးလိုက်ရဖူးပါတယ်"ဟုလည်း ၄င်းက ရှင်းပြခဲ့သည်။
ထိုကဲ့သို့သော အကြောင်းကြားစာ ပေးပို့မှုကို အသင်းရုံးခွဲ ရှစ်ခုဖွင့်လှစ်ထားရာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) စသော ဒေသများရှိ အခြေခံပညာကျောင်း များသို့ ပေးပို့ရန် စီစဉ်ထားသည်။
လာမည့်ဇူလိုင် ၁ရက်တွင်လည်း သန်လျင်၊ ကျောက်တန်း ဒေသတစ်ဝိုက်ရှိ စာသင်ကျောင်းများသို့ ဘေးကင်းအစားအစာ စစ်ဆေးပညာပေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဆက်လက်သိရှိရသည်။
ဖြိုးဝေအောင်