မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လုံးဝမရှိသေးသူများအား အခမဲ့လ

2016-06-29 09:35:06 |သတင်းအရင်းအမြစ် 中华网

မန္တလေး ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီးအမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဌာနခွဲနှင့် ကုမ္ပဏီတစ်ခုတို့ပူးပေါင်းပြီး ဒေသအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လုံးဝမရှိသေးသူများအား အခမဲ့လိုက်လံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးဌာနမှသိရသည်။

 “၀န်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ ကွင်းဆင်းလေ့လာပြီးအခမဲ့ဆောင်ရွက်ပေးသွားမှာပါ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ မြို့နယ်အလိုက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးတင်ချယ်ကပြောသည်။

ယခုအစီအစဉ်အား United Pacific Co,Ltd နှင့် Advanced Myanmar Star Co,Ltd တို့က ငွေကြေးအရ ကူညီပေးသွားမှာဖြစ်ပြီး နိုင်ငံသားများရသင့်သည့်အခွင့်အရေး အတွက် အခမဲ့ကူညီပေးခြင်းဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူကဆိုသည်။

အစိုးရသစ်လက်ထက် ပထမဦးဆုံးအဖြစ် ဇွန် ၂၇ ရက်မွန်းလွဲ ၃ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့ နယ်အတွင်း ရှိ ရပ်ကွက် ၁၆ ခုမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လုံးဝမရှိသေးသူများ၊ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် အိမ်ထောင်စုစာရင်းရှိသူ တိုင်းရင်းသား ၄၀၀ ဦးအတွက် အခမဲ့ ဆောင်ရွက်ပေးခဲ့ပြီး နောက်ထပ်မြို့ နယ်များ သို့လည်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူသွားမှာဖြစ်ကြောင်းသိရသည်။

 “နိုင်ငံသားတွေရသင့်ရထိုက်တဲ့အခွင့်အရေးတွေရဖို့ဆိုတာ နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်လိုပါ တယ်၊ မှတ်ပုံတင်ရှိမှခရီးထွက်ဖို့ စီးပွားရေးလုပ်ဖို့၊ ပညာသင်ဖို့တွေ ဥပဒေအရအကာအကွယ်တွေ အများတန်းတူအခွင့်အရေးတွေရမှာပါ၊ ဒါကြောင့်မို့လို့ မကြာမီမှာပဲ မြို့နယ်အလိုက်ကွင်းဆင်းပြီးအခမဲ့ ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးဦးတင်ချယ်ကပြောကြားခဲ့သည်။

ကျော်ထွေး