ဥရောပ သမဂ္ဂမှ ခွဲထွက်မည်ဟု ဗြိတိန်၏ မဲခွဲဆုံးဖြတ်ခြင်း အပေါ် ဥရောပ သမဂ္ဂ အနေနှင့် စိတ်သောကရောက်သည့် တစ်ချိန်တည်းတွင်ပင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(SCO)သည် စတင်တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် ပထမအကြိမ် အဖွဲ့ဝင် သစ်များပါဝင်ရန် လက်ခံခြင်း အတွက် အပူတပြင်း ပြင်ဆင်လျှက်ရှိကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။
မကြာမီက SCO အဖွဲ့ဝင် နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ ၁၆ကြိမ်မြောက် အစည်းအဝေးကို ဥဇဘက်ကစ္စတန် နိုင်ငံ တပ်ရှ်ကင့်မြို့တော်တွင် ကျင်းပခဲ့ကြောင်း၊ ၄င်း အစည်းအဝေးတွင် SCO၌ အိန္ဒိယနှင့် ပါကစ္စတန်၏ ပါဝင်ရေး ဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။ လွန်ခဲ့သည့် ၂၀၁၅ခုနှစ် ဇူလိုင်လက ရုရှားတွင် ကျင်းပခဲ့သော SCOအဖွဲ့ဝင် နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ အစည်းအဝေး၌ ဘယ်လာရုစ်နိုင်ငံကို SCO အကဲခတ် နိုင်ငံ အဖြစ် လက်ခံသည်ဟု ဆုံးဖြတ်ပြီး အာဇာဘိုင်ဂျန်၊ ကမ္ဘောဒီးယာ၊ အာမေးနီးယားနှင့် နီပေါ နိုင်ငံတို့ကို ဆွေးနွေးရေး မိတ်ဖက် နိုင်ငံများ အဖြစ် လက်ခံသည်ဟုလည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
SCO တည်ထောင်ခဲ့သည့် ၁၅နှစ်ပြည့်မြောက်နှစ်တွင် အဖွဲ့ဝင်များ တိုးပွားလာခြင်း သည် ဥရောပနှင့် အာရှ၌ရော၊ ကမ္ဘာပေါ်၌ပါ ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည့် သဘောကို ဆောင်ကြောင်း၊ SCOစွဲကိုင်ခံယူထားသော ပွင့်လင်းမှု နှင့်သက်ညှာထောက်ထားမှုရှိသော ပူးပေါင်းဆောင်ရွက်ရေးသည် အနာဂတ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက် ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း ရေးသားဖော်ပြသည်။