ရန်ကုန်၊ ဇွန်-၂၉
မြန်မာပြည်အလယ်ပိုင်း မြေပြန့်လွင်ပြင်ဒေသများမှ တောင်သူများမှာ စိုက်ပျိုးချိန်နှင့် ရိပ်သိမ်းချိန်ရာသီများတွင် အလုပ်သမားရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရပြီး မိုးဦး မိုးလယ် မိုးနှောင်း ရာသီဥတု မမှန်သောကြောင့်လည်း တစ်သီးကောင်းသာ စိုက်ပျိုးလာနိုင်ကြသည်ဟုဆိုသည်။
ယခင်က မိုးဦးတွင် မိုးတစ်ပြိုက်နှစ်ပြိုက်ရွာသည်နှင့် နှမ်းကိုပါ စိုက်ပျိုးခဲ့ကြသော်လည်း မကြာသေးမီနှစ်များတွင်မူ နောက်မိုးမလိုက်သောကြောင့် နှမ်းခင်းများမှာ အသီးသီးသည့် အဆင့်မရောက်ပဲ အပျက်များခဲ့ရာ ယခုအခါ မြေပဲကိုသာ တစ်သီးကောင်းအားပြု စိုက်ပျိုးနေကြရသည်ဟု ဆိုသည်။ ဆယ်စုနှစ်နှင့်ချီ၍ ရာသီဥတု ဖောက်ပြန်အစိုးမရ ဖြစ်လာခဲ့သောကြောင့် လူငယ်မျိုးဆက်သစ်များမှာ မသေချာမရေရာနှင့် နွားနှင့်ဖက်ရုန်းနေရသည့် ဆင်းရဲသော ဘ၀ကို ပင်ပန်းငြီးငွေ့လာကာ ၀င်ငွေသေချာသည့် မြို့ပြနှင့် နိုင်ငံခြားများသို့ သွားရောက် လုပ်ကိုင်လာကြသောကြောင့် လယ်ယာလုပ်သား ရှားပါးမှုနှင့် ကြုံတွေ့လာရသည်ဟု ဆိုသည်။
“အရင်တုန်းကတော့ မိုးကလည်းမှန် တောင်သူယာစာလည်း ရကြတော့ တောင်သူအလုပ်ကို ပင်ပန်းပေမယ့်လည်း မျှော်လင့်ချက်ထားပြီး လုပ်ကြသေးတယ်။ အခုတော့ ဥတုကလည်းမမှန် မသေချာမရေရာနဲ့ ပင်ပန်းဆင်းရဲတဲ့ဒဏ်ကို မခံချင်ကြတော့ မြို့တက်တဲ့သူကတက်၊ ရှိတာလေးတွေ ထုခွဲပြီး မလေး စင်ကာပူ သွားတဲ့လူက သွားဆိုတော့ စိုက်ချိန်သိမ်းချိန်ရောက်ရင် လူငှားရှားတဲ့ ပြဿနာ ကြုံနေရတယ်”ဟု မန္တလေးတိုင်း တောင်သာမြို့နယ် ချောင်းခွကျေးရွာမှ ပဲစိုက်တောင်သူ ဦးသန်းဖေက ပြောသည်။
ကျေးရွာများတွင် ယခင်က လူငှားလိုက်သူများကို ပဲ၊ နှမ်းပေး၍ ခေါ်ယူနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ပဲ၊ နှမ်းကိုသာမက နေ့စားခလည်း ပေးရပြီး လုပ်အားခမှာ အမျိုးသားတစ်ယောက်ကို တစ်မနက် ၄၀၀၀နှင့် အမျိုးသမီးတစ်ယောက်ကို ၂၀၀၀ ၀န်းကျင်အထိ ပေးရသော်လည်း အလုအယက် ခေါ်ငင်နေကြရသည်ဟု ဆိုသည်။
အိန္ဒိယလို ပဲကို အဓိကစားသုံးသည့် နိုင်ငံများက ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာပြည်မှ ပဲမျိုးစုံကို ၀ယ်ယူတင်သွင်းနေရရာ ယမန်နှစ်ကဆိုလျှင် မြေပဲတစ်တင်း ကျပ်တစ်သာင်းကျော်အထိ ဈေးကောင်းရခဲ့သောကြောင့် တောင်သူကြီးများမှာ ထုနှင့်ထည်နှင့် စိုက်ပျိုးလိုကြသော်လည်း အလုပ်သမားရှားပါးမှုကြောင့် အတားအဆီးဖြစ်နေကြရသည်ဟု ဆိုသည်။
“တစ်မနက်ကို မိန်းခလေးကို ၂၀၀၀၊ ယောက်ျားကို ၄၀၀၀ အပြင် ထမင်းလည်းကျွေးတာတောင် ခေါ်လို့မရချင်ဘူး။ ဒီအတိုင်းဆို ရေရှည်မှာ မြေရှိတာတောင် မစိုက်ဘဲ ပစ်ထားရမယ့်ပုံပေါ်နေတယ်။ သီးတဲ့ပွင့်တဲ့မြေဆိုတာလည်း စိုက်တဲ့ပျိုးတဲ့လူ ရှိမှမဟုတ်လား”ဟု ဦးသန်းဖေက ပြောကြားခဲ့သည်။
ဖြိုးဝေအောင်