ရန်ကုန်၊ဇွန်၂၉
ပြည်တွင်းနယ်စပ်ဒေသအသီးသီးတွင်နေထိုင်ကြသော တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် တိုင်းရင်းသူ ၂၀၀ ခန့်ကို ၂၀၁၇ခုနှစ်မှ စတင်ကာ ကျောင်းအိပ်ကျောင်းစားအဖြစ်တက္ကသိုလ်ပညာများ လက်ခံသင်ကြားပေးရန်စီစဉ်ထားကြောင်း ပြည်ထောင်စုတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) မှ ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့်က ပြောသည်။
"အခုလက်ရှိအနေနဲ့ကတော့ အမျိုးသားတွေကိုပဲ လက်ခံသင်ကြားနိုင်ပါသေးတယ်၊ တိုင်းရင်းသူအမျိုးသမီးလေးတွေကို ကျတော့ ဒီအတိုင်းထားပြီး သင်လို့မရနိုင်ဘူး၊ ဒါကြောင့်လည်း လိုအပ်တဲ့စီစဉ်ဆောင်ရွက်မှုတွေနဲ့ လုပ်နေတယ်၊ ရှေ့နှစ်ထဲမှာ လက်ခံနိုင်ဖို့ မှန်းထာပါတယ်"ဟု ၎င်းကရှင်းပြသည်။
ကျောင်းဝင်းအတွင်းရှိ စားရိပ်သာ၏အနီးတွင်သုံးထပ်ဆောင်တစ်ဆောင်ဆောက်လုပ်၍ အမျိုးသမီး တိုင်းရင်းသူများကို လက်ခံသင်ကြားရန်စီစဉ်ထားကြောင်း၊ လူ ၄၀၀ လောက်ဆံ့သော စာသင်ဆောင်တစ်ဆောင်ကိုလည်း ယခုနှစ်အတွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုတိုင်းရင်းသူများအတွက်ဆောက်လုပ်ပေးမည့်အဆောင်၏ဘေးတွင်နှစ်ထပ်ဆရာမဆောင်ကိုတည်ဆောက်ခြင်း၊ အဆောင်ကိုခြံစည်းရိုးခတ်ကာရန်ခြင်း၊ လုံခြုံရေး ဂိတ်တဲများထားရှိခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။ ထိုကျောင်းတွင်အခြားသော တက္ကသိုလ်များ နှင့်မတူသည့် အခြေအနေတစ်ခုမှာ ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာ တွဲ၊ အင်ဂျင်နီယာ ဘာသာတွဲအစရှိသော ဘာသာတွဲများအလိုက်သင်ယူသူများကို စုပေါင်း၍ တစ်ကျောင်း တည်းမှာ လက်ခံထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်အဆိုပါကျောင်းမျိုး နှစ်ကျောင်းသာရှိပြီး ရန်ကုန်နှင့် စစ်ကိုင်းတို့တွင်အခြေစိုက်ဖွင့်လှစ်ထားသည်။"ဒီကျောင်းဖွင့်တာ အခုဆိုရင်၁၆နှစ်လောက်ရှိပြီ၊ တိုင်းရင်းသူတွေကို လက်ခံသင်ကြားမယ့်ကိစ္စကိုတော့ ဒီနှစ်တည်းကိုက ပြင်ဆင်နေပါပြီ၊ လက်ခံတဲ့အခါမှာလည်း ဒီမှာလက်ခံတဲ့အတိုင်း စစ်ကိုင်းကကျောင်းမှာလည်း လက်ခံမှာဖြစ်ပါတယ်၊ သူတို့လည်ပြင်ဆင်နေကြတယ်"ဟု ကျောင်းအုပ်ကြီးက ဆက်လက်ရှင်းပြသည်။ ထိုကျောင်း၏လည်ပတ်မှုသည်အစိုးရ၏ကုန်ကျစရိတ်ဖြင့်ဖြစ်ပြီး ကျောင်းသားတစ်ဦး၏ ကုန်ကျစရိတ်မှာ တစ်နှစ်ကျပ်ရှစ်သိန်း သတ်မှတ်ကျွေးမွေးသင်ကြားလျက်ရှိသည်။ ဝိဇ္ဇာနှင့် သိပ္ပံဘာသာတွဲ ကျောင်းသား များအတွက်ပညာသင်နှစ်လေးနှစ်နှင့် အင်ဂျင်နီယာ ဘာသာရပ်အတွက်ငါးနှစ်လက်ခံသင်ကြားနေခြင်းဖြစ်သည်။ "ဒီမှာက ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ ခေါင်းဆောင်မှုဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်တွေကိုလည်း ထူးထူးခြားခြားသင်ကြားပေးတာဖြစ်ပါတယ်၊ ဒါကလည်း သူတို့ဒေသ အသီးသီးကို ပြန်ရောက်တဲ့အခါကျရင်သူတို့အတွက်အများကြီး အကျိုးရှိစေမှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ"ဟု အဆိုပါကျောင်းမှ ကထိက ဆရာမတစ်ဦးက ပြောသည်။ ကျောင်းမှသင်ကြားမှုများပြီးဆုံး၍ ဘွဲ့ရရှိသည့်အခါ အလုပ်ပါတစ်ပါတည်းရရှိခြင်းက တက်ရောက်သူများပြားစေကာ စိတ်ဝင်စားကြရသော အခြေအနေမျိုး ဖြစ်ခဲ့သည်။ ယခု ၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားကြသော တိုင်းရင်းသားလူငယ်များကို မကြာမီရွေးချယ်ခေါ်ယူရန်စီစဉ်နေပြီး တိုင်းရင်းသား ၄၀၀မှ ၅၀၀ ကြားခေါ်ယူရန်စီစဉ်ထားလျက်ရှိသည်။
ဖြိုးဝေအောင်