တရုတ်နိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲကာ ထုတ်လုပ်ခဲ့သည့် ARJ-21 လေယာဉ်ကိုအသုံးပြုကာ ပြေးဆွဲသည့် လေကြောင်းလိုင်း၏ပထမဆုံးခရီးစဉ်ကို ဇွန်၂၈ ရက်က စတင်ပြေးဆွခြဲ့သည်။ ခရီးသည် ၇၀ ဦး တင်ဆောင်ကာ အဆိုပါခရီးစဉ်ကို စီချွမ်ပြည်နယ်၏မြို့တော် ချန်တူးမှ ရှန်ဟိုင်းသို့ ပထမဆုံးစတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ARJ-21 ခရီးသည်တင်လေယာဉ်သည် တရုတ်နိုင်ငံရှိ စီးပွားဖြစ်ထုတ်လုပ်သော လေယာဉ်ကော်ပိုရေးရှင်း (COMAC)မှ အင်ဂျင်နှစ်လုံးတပ်လေယာဉ်အဖြစ် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ပြည်တွင်းပြေးဆွဲရန်အတွက် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်ကြောင်းသိရသည်။ ခရီးသည်အများဆုံး ၉၀ ဦး တင်ဆောင်နိုင်ကာ ကီလိုမီတာ ၂ ထောင်နီးပါးအထိပျံသန်းနိုင်သည့် အဆိုပါ ARJ-21 လေယာဉ်ဒီဇိုင်းကိုေ၇းဆွဲခဲ့သူမှာ COMAC ၏ ယခင်ဒီဇိုင်းအင်ဂျင်နီယာချုပ် Wu Xingshi ဖြစ်သည်။ အဆိုပါ ARJ-21 ၅ စင်းကို ချန်တူးလေဆိပ်သို့ပိုဆောင်ထားပြီဖြစ်ပြီး လေယာဉ်များမှာ ပျံသန်းချိန် နာရီ ၅၀၀၀ ကျော် ရှိကာ ၂၀၀၈ ကတည်းက စမ်းသပ်လာခဲ့ခြင်းဖြစ်သည်။ Zhao Peng မှာ တရုတ်ထုတ် ပထမဆုံးခရီးသည်တင်လေယာဉ် ARJ-21 ၏ ပထမဦးဆုံး လေယာဉ်မှူးလည်းဖြစ်သည်။
“ တကယ်တမ်းပြောရလျှင် ကျွန်တော်တို့အနေဖြင့် ဘာမှမရှိ၊ဘာမှမသိသည်ထဲမှ ရှိအောင်ဖန်တီးရသည့်အတွက် အခက်အခဲများစွာကျော်ဖြတ်ခဲ့ရပြီး သိသည်ထက်သိအောင်၊လုံးဝနားလည်အောင်ကြိုးပမ်းခဲ့ရသည်။ ၂၈၃ ချက်ရှိတဲ့ ဘေးကင်းလုံခြုံရေးစစ်ဆေးမှုများကိုပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီး ခက်ခဲတဲ့ စမ်းသပ်မှု ၅၀၀ ကျော်ကို လည်း ပြီးခဲ့သည့် ၆နှစ် ၇နှစ် အတွင်းအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟုဆိုသည်။
အရပ်ဘက်လေကြောင်းအုပ်ချုပ်ရေး၏ ဒုညွန်ကြားရေးမှူး Shen Xiaoming မှ စီးပွားဖြစ် ARJ-21 ကိုပျံသန်းနိုင်ခြင်းမှာ တရုတ်နိုင်ငံ၏ လေကြောင်းတိုးတက်ရေးတွင်အဓိကမှတ်တိုင်တစ်ခုဖြစ်သည်ဟုဆိုသည်။ ၄င်းက “ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုလေယာဉ်မျိုးကို မထုတ်ထားခဲ့တဲ့အတွက် လေယာဉ်ထုတ်လုပ်ရာမှာ ရှိပြီးသားအတွေ့အကြုံနှင့် စမ်းသပ်မှုများကိုပြန်လည်သုံးသပ်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် လေယာဉ်မှာ ရှိတဲ့ စံချိန်စံညွန်းများကတော့ နိုင်ငံတကာသတ်မှတ်ချက်စံနှုန်းများနှင့်အညီပါဘဲ”ဟု ပြောကြားခဲ့သည်။
ယခု ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် ARJ-21 လေယာဉ်ခရီးစဉ်မှာ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးတိုင်း စီချွမ်ပြည်နယ်ရှိ ချန်တူး မှ ရှန်ဟိုင်းသို့ပြေးဆွဲမည့် ဖြစ်ပြီး ဒေသတွင်း လေကြောင်းလိုင်းအဖြစ် ၀န်ဆောင်မှုပေးသွားမည်ဟုလည်းသိရသည်။