နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ၀န်ထမ်း ကြိုပို့ မော်တော်ယာဉ်ကား ယနေ့ နံနက် ၉ နာရီကျော်ခန့်၌ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးရှေ့ အကွေ့တွင် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ဖယ်ရီကား ဒရိုင်ဘာ အပါအဝင် ဝန်ထမ်း ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ကား၏အောက်ပိုင်း တိုင်းရော့ ( Tie Rod ) ပြုတ်သွား၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရသည်ဟု ရဲတပ်ဖွဲ့ စစ်တမ်းတွင်ဖော်ပြသည်။ ကားပေါ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦး အပြင် အမျိုးသမီး ရုံးဝန်ထမ်း ၂၇ ဦး စုစုပေါင်း ၂၈ ဦး ပါရှိပြီး၎င်းတို့အားလုံးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးမှုများပြု လုပ်လျက်ရှိသည်။
ကျန်းမာရေး စစ်ဆေးချက်များအရ အ၀ါရောင် ကျန်းမာရေး အဆင့် အခြေအနေဖြင့် ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း ဇမ္ဗူသီရိ မြို့နယ် ရဲမှူးက ပြောသည်။ ယာဉ်တိမ်းမှောက်မှုအား ဥတ္တရသီရိမြို့မ ရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့် အရေး ယူမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့က ပြောသည်။ (Xinhua)