လွှတ်တော် လုပ်ငန်းများကို နည်းမှန်လမ်းမှန် ဆောင်ရွက်ကြရန် လွှတ်တော်ဥက္ကဋ္ဌ ညွှန်ကြား

2016-07-26 09:56:30 |သတင်းအရင်းအမြစ် 新华网

နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့် အညီ နည်းမှန်လမ်းမှန် ဆောင်ရွက်သွားရန် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး စတင်သည့် ဇူလိုင်လ ၂၅ ရက်နေ့ တွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအား တိုက်တွန်း ပြောကြားခဲ့သည်။

“ပြည်သူလူထု ခံစားနေရတဲ့ အခက်အခဲတွေ၊ အကြပ်အတည်းတွေ ပြသနာတွေကို မေးခွန်းတွေ အဆိုတွေ ဥပဒေကြမ်းတွေ အဖြစ် ပြောင်းပြီး လွှတ်တော်မှာ တင်သွင်း ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ကောင်းစေချင်တဲ့ စိတ်ရင်းစေတနာ အမှန်နဲ့ ဆောင်ရွက်ကြတယ်ဆိုတာ နားလည်ပေမယ့် ကိုယ်စားလှယ်များဟာ လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့် အညီ နည်းမှန်လမ်းမှန် ဆောင်ရွက်သွားဖို့  အထူးအရေးကြီးကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ယနေ့ စတင်ကျင်းပသည့် ဒုတိယ ပုံမှန် အစည်းအဝေးများတွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရ အသုံး ခန့် မှန်းခြေ ငွေစာရင်း (ပြင်ဆင်ချက်) နှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) တို့ အား အတည်ပြု ပြဌာန်းနိုင်ရေး ကိစ္စအပါအ၀င် လွှတ်တော် အသီးသီးရှိ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများ အနက်မှ ဦးစားပေး ဆောင်ရွက်ရမည့် ဥပဒေကြမ်းများ ရှိကြောင်း၊ ပြီးခဲ့သည့် ပထမ ပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ဆွေးနွေးရန် ကျန်ရှိ အဆိုများ အပါအဝင် အသင့် ဖြစ် အဆို ၁၂ ခု ရှိနေကြောင်း၊ အလားတူပင် ဒုတိယ ပုံမှန် အစည်းအဝေးသို့ ပြောင်းရွှေ့ မေးမြန်းသည့် မေးခွန်း ၈၅ ခုနှင့် မေးခွန်းအသစ်များလည်း ဆက်လက် ရောက်ရှိနေကြောင်း ဦးဝင်းမြင့်က ပြောခဲ့သည်။
ယနေ့ အစည်းအဝေးသို့  တက်ရောက်ခွင့် ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၂၆ ဦးရှိသည့်အနက် ၄၁၀ ဦးတက်ရောက်ခဲ့ကာ မန္တလေး နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသား ၁၃၂ ဦး၊ ၂၀၁၆ မန္တလေး Miss Universe အတွက် ဆန်ကာတင် ရွေးချယ်ထားသည့် အလှမယ် ၂၆ ဦးတို့ က တက်ရောက် လေ့လာခဲ့ကြသည်။ (Xinhua)