ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေး နှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အခြေခံမ

2016-07-29 09:23:49 |သတင်းအရင်းအမြစ် 新华网

မိုင်ဂျာယန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ ဇူလိုင် ၂၈ ရက်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေး နှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အခြေခံမူများအား တင်သွင်း ဆွေးနွေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ သဘာပတိ ဖြစ်သော ချင်းအမျိုးသား တပ်ဦး(CNF)၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ပင်လုံကတည်းက ယနေ့ အထိ အဆက်ဆက်သော တောင်းဆိုချက်ထဲက အဓိက အရေးကြီးဆုံး ၃ ချက် ဖြစ်သည့် ဒီမိုကရေစီရေး ၊ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေး ၃ ရပ်ကို စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့်သာ ထူထောင်၍ ရမည်ဟု ခံယူထားကြောင်း ပြောကြားခဲ့သည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေး နှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အခြေခံမူများ တင်သွင်းရာတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ မူဝါဒများ ၊ အမျိုးသား ကာကွယ်ရေး မူဝါဒ နှင့် အမျိုးသား လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများ(မူကြမ်း) တို့ ကို တင်သွင်းပြီး အမျိုးသား ကာကွယ်ရေး မူဝါဒ ဆိုင်ရာ အခြေခံမူများ ၊ အမျိုးသား လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများ နှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဆိုင်ရာ မူဝါဒများအား အုပ်စုဖွဲ့ ဆွေးနွေး တင်ပြခြင်းများ ပြုလုပ်ပြီးနောက် ဘုံသဘောထားများအား စုစည်းသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်၌ ဇူလိုင် ၂၆ ရက်မှ စတင် ကျင်းပခဲ့ရာ အစည်းအဝေး ပထမနေ့ တွင် ပင်လုံ လက်စွဲ(မူကြမ်း)စာတမ်းအား ဆွေးနွေး အတည်ပြုခြင်း ၊ ဒုတိယနေ့ တွင် ဖက်ဒရယ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ နှင့် ပြည်နယ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အခြေခံမူများ ဆွေးနွေးခြင်း ၊ ဘုံသဘောထားများ ချမှတ်ခြင်း တို့ ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)