မန္တလေး၊ ဇူလိုင် ၃၁ (ဆင်ဟွာ)
၂၁ ရာစု ပင်လုံ ညီလာခံသည် အချိန်၊ လုပ်ပိုင်ခွင့် အစရှိသော ကာလ အကန့် အသတ် တစ်ခု အောက်တွင် ပြီးမြောက်စေခြင်းမျိုး မဟုတ်ဘဲ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အာမခံချက် ရှိစေရုံမျှသာမက ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အကျပ်အတည်းကို ဖြေရှင်းနိုင်သော လုပ်ငန်းစဉ်တစ်ရပ်အထိ ပြီးမြောက်စေလိုသည်ဟု မန္တလေး ဒေသခံ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ပြည်သူလူထု တစ်ရာ ဦးခန့် က ယနေ့ နံနက်တွင် ထောက်ခံ ဆန္ဒပြုခဲ့ကြသည်။
၂၁ ရာစု ပင်လုံကို ကြိုဆို ထောက်ခံသည့် အထိမ်းအမှတ် အဖြစ် မန္တလေးမြို့ ၊ ၃၇ လမ်း၊ မင်္ဂလာ မန္တလေးရှိ သီရိ Art Gallery တွင် ယနေ့ နံနက် ၁၀း ၀၀ နာရီ၌ ပြုလုပ်သော ကာတွန်းပြပွဲသို့  အဆိုပါ ပြည်သူ တစ်ရာခန့် တို့ က “၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ရမည်” ဟူသော ကြွေးကြော်သံများဖြင့် ချီတက်စုဝေးခဲ့ကြသည်။ ထိုပွဲသို့  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် မန္တလေး မြို့ တော်ဝန် ဒေါက်တာ ရဲလွင် တို့ လည်း တက်ရောက်ခဲ့သည်။
အဆိုပါ ကာတွန်းပြပွဲတွင် ကာတွန်းဆရာ ၃၀ ကျော်တို့ က ကာတွန်း ၈၀ ကျော်ကို ခင်းကျင်းပြသထားခဲ့ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဇနီး၊ မြို့ တော်ဝန် နှင့် ဇနီး တို့ နှင့်အတူ တက်ရောက်လာသော အုပ်ချုပ်ရေး အဖွဲ့ အစည်းမှ အရာရှိကြီးများ၊ အရပ်ဘက် အဖွဲ့ အစည်းမှ မြို့ မိ မြို့ ဖ များက ပင်လုံ ညီလာခံနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှု ရေးဆွဲထားသည့် ကာတွန်းများကို လှည့်လည် ကြည့်ရှုကြသည်။။ Xinhua