ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ယခု အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်း နှီးမြှုပ

2016-08-03 09:53:08 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ယခု အစိုးရသစ်လက်ထက်တွင် အစည်းအဝေး ၃ကြိမ် ကျင်းပပြီးစီးကြောင်း ၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃ခုခွင့်ပြုခဲ့ပြီး ၊ရင်းနှီးမြှုပ်နှံမှုပမာဏပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၂၄.၁၅၆ ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ခွင့်ပြုပေးသည့် လုပ်ငန်း ၁၃ ခုတွင် စက်မှုလုပ်ငန်း ၇ခု၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးလုပ်ငန်း ၃ ခုနှင့် အခြားလုပ်ငန်း ၃ခု အားခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၉ခု ခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၇၉,၃၇၈.၆၅၂ အားခွင့်ပြုပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ခွင့်ပြုလုပ်ငန်း ၉ခုတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ၁ခု၊ စက်မှုလုပ်ငန်း ၃ခု ၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း ၂ခု ၊ လယ်ယာလုပ်ငန်း (၁) ခု နှင့် အခြားလုပ်ငန်း (၁) ခုအား ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေ နှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပဈေးကွက် အခြေအနေ ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက် ၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု ၊ ပတ်ဝန်းကျင်ထိခိုက်မှု နှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှုအစီအမံများတာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံခြင်း နှင့် တည်ဆဲဥပဒေများအား လိုက်နာခြင်း စသည့်အချက်များအား အခြေခံ၍ စိစစ် ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။ 
သမ္မတဦးထင်ကျော်ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြေညာစာအမှတ် ၄၃/၂၀၁၆ ဖြင့် ဇွန်လ ၇ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။  (Xinhua)