၁၁ကြိမ်မြောက် ဂျီ20 ထိပ်သီးအစည်းအဝေးကို ယခုနှစ် စက်တင်ဘာတွင် တရုတ်ပြည် ဟန်ကျိုးမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ မီဒီယာများသည် ယခုအကြိမ် ထိပ်သီးအစည်းအဝေး အပေါ် အလွန်အလေးထားကြောင်း၊ သက်ဆိုင်ရာ ပညာရှင်များက လက်ရှိ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်း အားနည်းနေသေးကြောင်း၊ ဂျီ20 ဟန်ကျိုး ထိပ်သီးအစည်းအဝေးတွင် ဘက်အသီးသီးတို့ အနေနှင့် ကျယ်ပြန့်သော သဘောတူညီမှုများ ရရှိပြီး ကမ္ဘာ့ စီးပွားရေး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ရန်မျှော်လင့်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းဌာနနှင့် တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။
ဂျီ20 ဟန်ကျိုး ထိပ်သီးအစည်းအဝေးသည် "ဆန်းသစ်တီထွင်မှု၊ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ညှာထောက်ထားမှု ရှိသော ကမ္ဘာ့ စီးပွားရေး တည်ဆောက် ခြင်း"ကို ယခုအကြိမ် အစည်းအဝေး၏ဆောင်ပုဒ်အဖြစ် ထားကြောင်း၊ တရုတ် ဂျီ20ရေးရာ ညှိနှိုင်းဆောင်ရွက်သူဟောင်း ဟိုယာ့ဖေးက လက်ရှိအချိန်တွင် အရင်လုပ်ဆောင်ရမည့် ကိစ္စမှာ အဓိက စီးပွားရေးအုပ်စုများ အကြား မက္ကရို စီးပွားရေး မူဝါဒနှင့် ငွေကြေးမူဝါဒ ညှိနှိုင်းရေး ဆိုင်ရာ ပြဿနာ ဖြေရှင်းရေးပင် ဖြစ်ကြောင်း ပြောကြားသည်။
တရုတ်ပြည် နိုင်ငံတကာ စီးပွားရေး ကူးလူးဖလှယ်မှု စင်တာ စီးပွားရေးမှူးချုပ် ချင်ဝင်လင်က လက်ရှိ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသေးသည့် အခြေအနေမျိုးတွင် နိုင်ငံ အသီးသီးများအကြား သဘောတူညီမှု ရရှိရေးနှင့် တွန်းအားသစ် များရှာကြံရေးသည် ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေး၏ အဓိက လုပ်ငန်းတာဝန် ဖြစ်ကြောင်း ပြောကြားသည်။
စင်ကာပူ အမျိုးသား တက္ကသိုလ် လီကွမ်ယု အများပြည်သူ မူဝါဒ ကောလိပ် ဒုပါမောက္ခ ကုချင်းယန်က မူလ ကမ္ဘာ့ စီးပွားရေး စီမံခန့်ခွဲရေး မူဘောင် ဖွဲ့စည်းပုံသည် အဓိကအားဖြင့် Bretton Woods systemကို အခြေခံ၍ ထည်ထောင်ထားသည့် ကမ္ဘာဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စသည်များ ပါဝင်သည့် နိုင်ငံတကာ ငွေကြေးနှင့် ကုန်သွယ်ရေး စနစ် ဖြစ်ကြောင်း၊ လက်ရှိအချိန်က တစ်နေ့တခြား ရှုပ်ထွေးလာသော နိုင်ငံတကာ စီးပွားရေး အခြေအနေမျိုးတွင် ယင်းစနစ် အပေါ် ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှု ပြုလုပ်ရန် အပူတပြင်း လိုအပ်ကြောင်း ပြောကြားသည်။