ပေကျင်း ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)
Time မဂ္ဂဇင်း မှ ၂၀၁၀ ခုနှစ်၏ အကောင်းဆုံး နှင့် ဆန်းသစ် ထိုးဖောက်နိုင်မှု အရှိဆုံး တီထွင်မှု ဟု သတ်မှတ် ခံရသည့် တရုတ် နိုင်ငံ မှ ကိုယ်ပိုင် ဒီဇိုင်းဆွဲ တီထွင် ပြုလုပ်ခဲ့သော Transit Elevated Bus (TEB) ရွှေ့ပြောင်း စီးနင်းနိုင်သည့် ဘတ်စ်ကား BaTie-1 လက်တွေ့စမ်းသပ် မောင်းနှင်မှု ကို သြဂုတ်လ ၂ ရက်နေ့တွင် ပြုလုပ် ခဲ့သည်။
လက်တွေ့စမ်းသပ်မှု တွင် ဘက်စုံ စမ်းသပ်မှု များပြုလုပ်ခဲ့ပြီး ဘရိတ်စနစ် ၊ ပွတ်တိုက်မှုပိုင်းဆိုင်ရာ ညွှန်းကိန်းများ ၊ လျှပ်စစ်အသုံးပြုမှု စသည့် တို့ပါဝင် ခဲ့ပြီး ကားနှင့်လမ်း၏ ဆက်နွယ်မှု နှင့် ကားနှင့် ခရီးသည် တို့၏ ဆက်နွယ်မှု စသည်တို့ကိုလည်း စမ်းသပ်ခဲ့ပါသည်။
ယင်း TEB ဘတ်စ်ကား BaTie-1 ကို ထုတ်လုပ်ခဲ့သည့် BaTie နည်းပညာဖွံ့ဖြိုးရေး ကုမ္ပဏီ၏ ပြောကြားချက်အရ ယခု စမ်းသပ် မောင်းနှင်ခဲ့သည့် ဘတ်စ်ကား သည် ဘတ်စ်ကား အပိုင်းတစ်ပိုင်းဖြစ်ပြီး အရှည် ၂၂ မီတာ ၊ အကျယ် ၇.၈ မီတာ နှင့် အမြင့် ၄.၈ မီတာ ရှိကာ ခရီးသည် ၃၀၀ လိုက်ပါနိုင်ရန် သတ်မှတ် ခဲ့ကြောင်း ၊ ဘတ်စ်ကား အတွင်းတွင် ခရီးသည် ထိုင်ခုံ ၅၅ ခုပါရှိကာ ခရီးသည် အလွန်များပြားချိန်တွင် အဆင်ပြေစေရန် အတွက် လက်ကိုင်တန်း အခု ၂၀ ကိုလည်း တပ်ဆင်ထားကြောင်း ၊ ထို့ပြင် ဘတ်စ်ကား အတွင်းတွင် LCD TV များကို နေရာပေါင်းစုံမှ ကြည့်မြင်နိုင်ရန် တပ်ဆင်ခဲ့ပြီး Dynamic Map ၄ခု တပ်ဆင်ထားသောကြောင့် ခရီးသည် များအနေဖြင့် မြို့တွင်း လမ်းခရီးအသွားအလာ အခြေအနေ များကို အဆင်ပြေစွာ သိရှိနိုင်မည် ဖြစ်သည်။
တရုတ် နိုင်ငံ မှ တီထွင် ခဲ့သည့် TEB ဘတ်စ်ကား ၏ အားသာချက်များ အနေဖြင့် (၁) ဘတ်စ်ကား အောက်ပိုင်း ရှိလွတ်နေသည့် အပိုင်း၏ အမြင့်သည် ၂.၁ မှ ၂.၂ မီတာ ရှိပြီး ဘတ်စ်ကား အောက်တွင် ၂ မီတာ အမြင့်အောက်မည်သည့် ကားမဆို ရပ်ဆိုင်းနေသည်ဖြစ်စေ ၊ သွားလာနေသည်ဖြစ်စေ အပြန်အလှန် အနှောက်အယှက် မဖြစ်နိုင်ခြင်း (၂) လမ်းခရီး ပိတ်ဆို့မှု ကို ဖြေရှင်းနိုင်ကာ TEB ဘတ်စ်ကားသည် ခရီးသည် ၁၂၀၀ မှ ၁၄၀၀ အထိ တင်ဆောင်နိုင်ရန် သတ်မှတ် ထားပြီး စတင်အသုံးပြု သည့်အချိန်တွင် လက်ရှိ လမ်းခရီး ပိတ်ဆို့မှုကို ၃၅ ရာခိုင်နှုန်း အထိလျှော့ချ နိုင်မည် ဖြစ်ခြင်း (၃) TEB ဘတ်စ်ကားသည် လျှပ်စစ်စွမ်းအင် ကို အသုံးပြုခြင်း ဖြစ်သောကြောင့် နှစ်စဉ် လောင်စာဆီ ၈၆၄ တန်ချွေတာ နိုင်မည် ဖြစ်ပြီး ကာဗွန်ထုတ်လွှင့်မှု ၂၆၈၄ တန်ကို လျှော့ချ နိုင်သောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ခြင်း (၄) TEB ဘတ်စ်ကား တည်ဆောက်မှု ကုန်ကျ စရိတ်သည် မြေအောက်ရထား တည်ဆောက်မှု ကုန်ကျစရိတ်၏ ၂၀ ရာခိုင်နှုန်းသာရှိပြီး ၄၀ မှ ၈၀ ကီလိုမီတာ အကြား အကွာအဝေးရှိ မြေအောက်ရထား လမ်းပိုင်း တည်ဆောက်မှု ကြာချိန်သည် အချိန် ၅ နှစ်မှ ၆ နှစ် အထိ ကြာမြင့် နိုင်သော်လည်း TEB ဘတ်စ်ကား သည် အချိန် တစ်နှစ်တာ ကြာမြင့်မည် ဖြစ် တည်ဆောက်မှု ကုန်ကျ စရိတ် သက်သာခြင်း တို့ဖြစ်သည်။(Xinhua)