တရုတ် အားကစား လုပ်ငန်း တိုးတက်လာ

2016-08-09 09:16:31 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ် ရီအို အိုလံပစ် အားကစားပွဲတော်ကို ဒေသစံတော်ချိန် ၅ရက်နေ့ညက ဖွင့်လှစ်ခဲ့ကြောင်း၊ ပီကင်း အိုလံပစ် အားကစားပွဲတော် စတင် ကျင်းပချိန် ၂၀၀၈ခုနှစ် သြဂုတ်လ ၈ရက်နေ့မှ ယနေ့အထိ ၈နှစ်ကြာ ရှိပြီ ဖြစ်ကြောင်း၊ ၂၀၀၉ခုနှစ်က တရုတ် အစိုးရသည် သြဂုတ်လ ၈ရက်နေ့ကို ပြည်သူ တစ်ရပ်လုံး ကာယလေ့ကျင့်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြောင်း တရုတ်ပြည် ကွမ်းမင် နေ့စဉ် သတင်းစားတွင် ရေးသားဖော်ပြသည်။

လွန်ခဲ့သော ၈နှစ် အတွင်း တရုတ်ပြည်သည် ပီကင်း အိုလံပစ် အားကစား ပွဲတော်၊ ကွမ်ကျိုး အာရှ အားကစား ပွဲတော်၊ ရှင်ကျင့် ကမ္ဘာ့ တက္ကသိုလ် ကျောင်းသူကျောင်း သားများ နွေရာသီ အားကစား ပွဲတော်နှင့် ၂၀၁၄ခုနှစ် နန်ကျင်း လူငယ်များ အိုလံပစ် အားကစား ပွဲတော် အပါအဝင် နိုင်ငံတကာ အားကစား ပွဲတော်များကို ကျင်းပခဲ့ကြောင်း၊ ယင်းသည် အိုလံပစ် အားကစား အပေါ် တရုတ်ပြည်သူများကို စိတ်အားထက်သန်လာစေ ခဲ့ကြောင်း၊ အစိုးရ ကျင့်သုံးခဲ့သော ပြည်သူ တစ်ရပ်လုံး ကာယလေ့ကျင့်ရေး ဆိုင်ရာ မူဝါဒများသည် တရုတ် အားကစား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးနှင့် ပြည်သူများ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်စေရေးတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

၁၂ကြိမ်မြောက် ၅နှစ် စီမံကိန်း အချိန်ကာလ အတွင်း တရုတ် အားကစားမောင်မယ် များသည် ကမ္ဘာ့ချန်ပီယန်ဆု ၅၉၆ခု ဆွတ်ခူးရရှိပြီး ကမ္ဘာ့စံချိန် ၅၇ခု တင်ခဲ့ကြောင်း၊ လွန်ခဲ့သော ၈နှစ် အတွင်း ပြည်သူ တစ်ရပ်လုံး ကာယ လေ့ကျင့်ရေးသည် နိုင်ငံတော် မဟာဗျူဟာ အဖြစ် တိုးမြင့်လာခဲ့ကြောင်း၊ ၂၀၀၉ခုနှစ်က နိုင်ငံတော် ကောင်စီသည် ပြည်သူ တစ်ရပ်လုံး ကာယလေ့ကျင့်ရေး စည်းမျဉ်းဥပဒေကို ထုတ်ပြန်ကျင့်သုံးခဲ့ရာ  သြဂုတ်လ ၈ရက်နေ့ကို ပြည်သူ တစ်ရပ်လုံး ကာယလေ့ကျင့်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ၂၀၁၁ခုနှစ်က နိုင်ငံတော် ကောင်စီသည် ပြည်သူ တစ်ရပ်လုံး ကာယ လေ့ကျင့်ရေး စီမံကိန်း (၂၀၁၁-၂၀၁၅)ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၆ခုနှစ် မေလ  ၅ရက်နေ့က တရုတ် အမျိုးသား အားကစား ဝန်ကြီးဌာနသည် "အားကစား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း"ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၄ခုနှစ် နှစ်ကုန်အထိ တရုတ်ပြည် တစ်ပြည်လုံးက ကာယ လေ့ကျင့်မှု အမြဲတမ်း ပြုလုပ်သူ ဦးရေသည် စုစုပေါင်း လူဦးရေ၏ ၃၃့၉ရာခိုင်နှုန်း ရှိကြောင်း ရေးသားဖော်ပြသည်။