ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေး သြဂုတ်လ ၃၁ ရက

2016-08-09 10:19:17 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို သြဂုတ်လ ၃၁ ရက် နေ့တွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သြဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ယနေ့ ကျင်းပ ပြုလုပ်ခဲ့ရာတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစကောင်းမှ အနှောင်းသေချာ ဆိုသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရပိုင်းမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီကို သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၅၇/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များအဖြစ် ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူးအဖြစ် ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်းတို့ ပါဝင်ဖွဲ့စည်းထားသည်။ 
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီအောက်တွင် လုပ်ငန်းကော်မတီများကိုလည်း သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင် ဖွဲ့စည်းထားသည်။(Xinhua)