ထိုင်းနိုင်ငံတော် မီးရထား လုပ်ငန်းဌာနသည် ၂၉ရက်နေ့က ဘန်ကောက်မီးရထား ဘူတာရုံတွင် ခရီးသည်တင် ရထားသစ် အစမ်း ပြေးဆွဲခြင်း အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
တရုတ်က ထုတ်လုပ်သော ၄င်းရထားသစ်သည် ၂၉ရက်နေ့က ဘန်ကောက် မြို့တော်မှ ကီလိုမီတာ ၆၀ အကွာရှိ Nakhon Pathomသို့ အစမ်း ခုတ်မောင်းပြေးဆွဲ ခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ် အပါအဝင် အစိုးရ အရာရှိများသည် အစမ်း ပြေးဆွဲခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ၄င်းရထားသစ်ကို စီးကြကြောင်း၊ ထိုင်းနိုင်ငံ ဝယ်ယူသော ယင်းခေတ်မီ တမူဆန်းသစ်သော ရထားများသည် ထိုင်းနိုင်ငံ၏ မီးရထားသမိုင်း အတွက် အခန်းကဏ္ဍသစ် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။
၎င်းရထား၏ အမြင့်ဆုံး မြန်နှုန်းမှာ တစ်နာရီကို ကီလိုမီတာ ၁၂၀ရှိကြောင်း၊ ယင်းသည် လွန်ခဲ့သည့် နှစ်၂၀အတွင်း ထိုင်းနိုင်ငံတော် မီးရထားဌာန အနေနှင့် ပထမအကြိမ် အဖြစ် ရထားသစ် ဝယ်ယူတင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းရထားထုတ်လုပ်သူ၊ တရုတ် CRRC Corporation Limitedမှ ချန်ချွန်း ခရီးသည်တင် ရထား စတော့ရှယ်ယာ ကုမ္ပဏီ လိမိတက် နိုင်ငံခြား လုပ်ငန်းဌာန ဒုမန်နေဂျာချုပ် လျူကန်းက ၂၀၁၃ခုနှစ် မတ်လက ထိုင်းနိုင်ငံတော် မီးရထားလုပ်ငန်း ဌာနသည် ရထား ဝယ်ယူခြင်း အတွက် နိုင်ငံတကာ တရားဝင် ပွင့်လင်းစွာ တင်ဒါခေါ်ယူခဲ့ကြောင်း၊ မိမိတို့ ကုမ္ပဏီသည် ပြင်းထန်သော ယှဉ်ပြိုင်မှုတွင် အနိုင်ရရှိပြီး ၂၀၁၄ခုနှစ် အောက်တိုဘာက ထိုင်းဘက်နှင့် ကန်ထရိုက်စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ ထိုင်းသည် တရုတ်ပြည်မှ ရထားတွဲနှင့် စက်ခေါင်း ၁၁၅ခုကို ဝယ်ယူတင်သွင်းပြီး စုစုပေါင်း တန်ဖိုးမှာ တရုတ်ယွမ်ငွေ သန်း၉၀၀ကျော် ရှိကြောင်း ပြောကြားသည်။