ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ စတင် ကျင်းပ

2016-09-01 09:54:53 |သတင်းအရင်းအမြစ် 新华网

နေပြည်တော် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက် ပထမဆုံးအကြိမ် အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံအား ယနေ့ သြဂုတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) ၌ စတင် ကျင်းပ ပြုလုပ်နေပြီ ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ နိုင်ငံရေး ပါတီများ နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ၊ နိုင်ငံတကာ သံတမန်များ ၊ အဖွဲ့အစည်းများ ၊ လေ့လာသူများ စုစုပေါင်း ဦးရေ ၁,၆၀၀ ခန့် တက်ရောက်ကြမည် ဖြစ်သည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် လွှတ်တော် ဥက္ကဋ္ဌများ ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌ အင်ဘန်လ နှင့် အခြား တာဝန်ရှိသူများ မိန့်ခွန်း ပြောကြားရန် ရှိကြောင်း သိရသည်။

ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဆောင်ရွက်ချက် အစီရင်ခံစာ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ -JMC ၏ အစီရင်ခံစာ၊ နိုင်ငံရေးဆွေး နွေးမှုဆိုင်ရာ မူဘောင်နှင့် ပတ်သက်သည့် အစီရင်ခံစာ၊ ငြိမ်းချမ်းရေးညီလာခံ ပြင်ဆင်ရေး ကော်မတီ၏ အစီရင်ခံစာ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ညီလာခံသို့ တင်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)