နိုင်ငံသူနိုင်ငံသားများ မျှော်လင့်နေသည့် ငြိမ်းချမ်းရေး လက်တကမ်းတွင် ရောက်နေပြီဟ

2016-09-01 10:10:36 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံသူနိုင်ငံသား အားလုံးက ငြိမ်းချမ်းရေးကို မျှော်လင့်နေကြသည့် အတွက် ယခုကဲ့သို့ နိုင်ငံသူ နိုင်ငံသားများ မျှော်လင့်နေသည့် ငြိမ်းချမ်းရေးသည် လက်ရှိတွင် လက်တကမ်းအကွာတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လက်တကမ်း အကွာတွင် ရောက်ရှိနေသည့် ငြိမ်းချမ်းရေးကို ၂၁ ရာစု ပင်လုံမှာ ပါဝင်ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်များက ရယူပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မန်းဝင်းခိုင်သန်းက “ကရင်တိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ကျွန်တော်အနေနဲ့ ဒီနေ့လို နေ့မျိုးမှာ ပြောကြားခွင့်ရတဲ့ အတွက် အထူးပဲ ဝမ်းသာမိပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်များ အဖွဲ့ အသီးသီးမှ ခေါင်းဆောင်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ လွတ်လပ်ရေးရတာ ကြာပြီ ဖြစ်သလို ငြိမ်းချမ်းရေး မရရှိတာလည်း ကြာပြီ ဖြစ်ပါတယ်’’ ဟု ထည့်သွင်း ပြောကြားခဲ့သည်။ 

အိမ်နီးချင်း ပတ်ဝန်းကျင် နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်နေသော်လည်း မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး မရရှိသေးသည့် အတွက် ဖွံ့ဖြိုး တိုးတက်မှု နှောင့်နှေးနေရကြောင်း၊ ငြိမ်းချမ်းရေး မရရှိသည့် အတွက် စစ်ဘေးဒဏ်အား တိုင်းရင်းသား ညီအကို မောင်နှမများ အဓိက ရင်ဆိုင်နေရကြောင်း၊ ငြိမ်းချမ်းရေး မရရှိသည့် အတွက် ဒေသ ဖွံ့ဖြိုးတိုးတက်မှု များအား မလုပ်နိုင်ပဲ စစ်ဘေးကို ရှောင်ပြေး၍ ကျေးရွာ စွန့်ခွာထွက်ပြေးပြီး ဒုက္ခတွေ ခံစားနေရကြောင်း ၎င်းက ဆိုသည်။ 

“၂၁ ရာစုပင်လုံဟာ ငြိမ်းချမ်းရေး ရရှိအောင် ဆွေးနွေးညှိနှိုင်းပေးကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။ ငြိမ်းချမ်းရေးရရှိမှ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်’’ ဟု မန်းဝင်းခိုင်သန်းက ပြောသည်။ (Xinhua)