တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ရှေ့အလားအလာများစွာရှိ

2016-09-08 10:40:43 |သတင်းအရင်းအမြစ် 国际在线

ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅နှစ်ပြည့် မြောက်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၅နှစ် အတွင်း နှစ်ဖက်တို့၏ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ အထူးသဖြင့် ခရီးသွား ကူးလူးဖလှယ်ရေး လျင်မြန်စွာ တိုးတက်လာပြီး နှစ်ဖက် မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု၏ အရေးကြီး အစိတ်အပိုင်း ဖြစ်လာ ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ပညာရှင်များက တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ရှေ့အလားအလာ များစွာ ရှိကြောင်း၊ ခရီးသွား ကူးလူးဖလှယ်မှုသည် နှစ်ဖက် ဆက်ဆံမှု အဆင့်နှင့် အရည်အသွေး တိုးမြင့်ရေး အတွက် အထောက်အကူဖြစ်ုပြီး ဒေသတွင်း အတူတကွ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း လည်း ယူဆသည်။

တရုတ်ပြည် နာမည်ကျော် ခရီးသွား ဝက်ဘ်ဆိုက် www.ctrip.comမှ မကြာမီက ထုတ်ပြန်ခဲ့သော စာရင်းအရ ၂၀၁၆ခုနှစ် နွေရာသီတွင် တရုတ် ခရီးသည် အများဆုံး နိုင်ငံနှင့် ဒေသ ဆယ်ခု၌ ၅ခုသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြောင်း၊ ထိုင်းသည် တရုတ် ခရီးသည် အများဆုံး နိုင်ငံ ဖြစ်ကြောင်း သိရသည်။

www.ctrip.com PRမန်နေဂျာ ချင်ဆိုင်ယင်က အာဆီယံ နိုင်ငံများ တရုတ် ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အားသာချက်များတွင် အကွာနီးခြင်း၊ ခရီးစရိတ် သက်သာခြင်းနှင့် ဗီဇာထုတ်ပေးရန် လွယ်ကူခြင်း စသည်တို့ ပါဝင်ကြောင်း ပြောကြားသည်။

မကြာမီနှစ်များက တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်သည့် အာဆီယံ နိုင်ငံများမှ ခရီးသည် ဦးရေသည်လည်း ဆက်တိုက် တိုးပွားလာကြောင်း၊ ၂၀၁၅ခုနှစ်က တရုတ်ပြည်သို့ လာရောက်သည့် အာဆီယံ နိုင်ငံများမှ ခရီးသည် ဦးရေမှာ ၆သန်း ၅သိန်း ၅သောင်းကျော် ရှိကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။