၂ဝ၁၆ ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်မြို့ ၌ကျင်းပ

2016-09-19 10:21:20 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

(၂၅)ကြိမ်မြောက်အဖြစ်ကျင်းပသည့် ၂ဝ၁၆ ဥရောပရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံနှင့် ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery တို့တွင် ညနေ ၃ နာရီခွဲနှင့် ၆ နာရီခွဲတို့တွင် အခမဲ့ပြသလျက်ရှိပြီး စက်တင်ဘာ ၂၇ ရက်အထိ လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ရုပ်ရှင်ပွဲတော်အား စက်တင်ဘာ ၁၆ရက်တွင်စတင်ပြသလျက်ရှိပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၆ ကား ပါဝင် ပြသမည်ဖြစ်ကာ လူမှုဘဝ၊ အချစ်ရေး၊ ပဋိပက္ခ၊ ပြန်လည်ရင်ကြားစေ့ရေး၊ သမိုင်း ကြောင်းနှင့် နိုင်ငံရေးတို့နှင့်ပတ်သက်သည့် ဆုများရရှိထားသော ဇာတ်လမ်းများကို ရိုက်ကူးထားသည့် ဥရောပထုတ်လုပ်ရေးနှင့် ပူးတွဲထုတ်လုပ်သူများ၏ စိတ်ဝင်စားဖွယ် အစီအစဉ်များ ပါဝင်ကြောင်း၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေနှင့် ဖင်လန်နိုင်ငံတို့က ပထမဦးဆုံးအကြိမ်အဖြစ် ၄င်းတို့၏ ဥရောပရုပ်ရှင်ကို ပြသခြင်းဖြစ်ကြောင်း၊ အဆိုပါ လေးနိုင်ငံသည် ယမန်နှစ်က ဆွစ်ဇာလန်နှင့် အစ္စရေးတို့ကဲ့သို့ပင် ဧည့်သည်အဖြစ် ပါဝင်ပြသခြင်းဖြစ်ကြောင်း သိရသည်။
ယင်းရုပ်ရှင်ပွဲတော်တွင် ယဉ်ကျေးမှု၊ ဘာသာစကားပေါင်းစုံနှင့် လူမှုစရိုက်များကို ပရိသတ်များအနေဖြင့် ကြည့်ရှုခံစားရမည်ဖြစ်ပြီး အထူးအစီအစဉ်တစ်ခုအနေဖြင့် ကလေးများအတွက် ကာတွန်းရုပ်ရှင်နှစ်ကားနှင့် ငယ်ရွယ်သော အဓိကဇာတ်ကောင် ပါသည့် ရုပ်ရှင်နှစ်ကားတို့ကို စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲနှင့် ညနေ ၅ နာရီခွဲတို့တွင် ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery ၌ ပြသသွားမည်ဖြစ် ကြောင်း သိရသည်။ (Xinhua)