BPIအရောင်းကိုယ်စားလှယ်စည်းကမ်းဖောက်ဖျက်ပါက အာမခံပေးသွင်းထားသည့်ငွေ နိုင်ငံပိုင်

2016-10-09 10:23:00 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ယခုနှစ်အတွင်း BPI ဆေးဝါးဖြန့်ချိ ရောင်းချရန် အရောင်း ကိုယ်စားလှယ် ငါးဦးအား ရွေးချယ်ထားပြီး ယင်း ကိုယ်စားလှယ်များ အနေဖြင့် စက်မှုဝန်ကြီး ဌာန၏ ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ပါက ဘဏ်၌ အာမခံ ပေးသွင်း ထားသည့် ငွေကျပ်သန်း ၁ဝဝ ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင် ထံမှ သိရသည်။

ယခင်က BPI ဆေးဝါးများ ရောင်းချမှု တွင် ကိုယ်စားလှယ် တစ်ဦးတည်းသာ ရှိသောကြောင့် ဈေးကွက် အတွင်း လိုအပ်ချက်ကို အခွင့်ကောင်း ယူ၍ ဆေးဝါးအတုများ ထုတ်လုပ် ရောင်းချမှုများ ရှိခဲ့သည်။ အဆိုပါ ဆေးဝါးများကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာတွင် BPI ဆေးဝါးအတု တန်ဖိုး ငွေကျပ် သိန်းပေါင်း ၂ဝ,ဝဝဝ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

 လက်ရှိတွင် BPI ဆေးဝါးဖြန့်ချိ ရောင်းချသော ကိုယ်စားလှယ် ငါးဦးကို ရွေးချယ်ထားပြီး ၄င်းတို့မှတစ်ဆင့် ဆေးဝါးများကို ဖြန့်ချိရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းဆေးဝါး ရောင်းချမည့် ကိုယ်စားလှယ် များအား ဘဏ်၌ အာမခံကြေး ငွေကျပ် သန်း ၁ဝဝ ပေးသွင်း ထားစေပြီး ၄င်းတို့ အနေဖြင့် စက်မှုဝန်ကြီးဌာနက ချမှတ်ပေး ထားသော စည်းကမ်းများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)