မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လှေလှော်ပြိုင်ပွဲ နှစ်ရက်တိုင် ကျင်းပ

2016-10-09 15:55:18 |သတင်းအရင်းအမြစ် 新华网








မန္တလေး၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော် ပြိုင်ပွဲကို မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ် အနောက်ဘက် ကျုံးအတွင်း၊  ၂၂ လမ်းနှင့် ၂၆ လမ်း အကြားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဖလား အလွတ်တမ်း ပြိုင်ပွဲ အဖြစ် ယနေ့  နံနက် ၈း ၀၀ နာရီ၌ ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲများကို နံနက် ၈း ၀၀ နာရီမှ ညနေ ၄း ၀၀ နာရီ အထိ ကျင်းပလျက်ရှိသည်။

အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက် နှစ်ရက်တာ ကျင်းပမည့် အဆိုပါ လှေပြိုင်ပွဲတွင် ရိုးရာလှေ၊ အပြည်ပြည် ဆိုင်ရာ လှေ၊ ကနူးလှေနှင့် ကယက်လှေ အမျိုးအများစားဖြင့် ယှဉ်ပြိုင်ခွင့်ပြုထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ကြရာ ရိုးရာလှေပြိုင်ပွဲတွင်  ပြိုင်ဝင် အမျိုးသားလှေအသင်း ၁၀ သင်းနှင့် အမျိုးသမီး လှေအသင်း ငါးသင်း၊ အလွတ်တမ်းလှေလှော် ပြိုင်ပွဲတွင် ဝန်ကြီးဌာနနှင့် ကလပ်အသင်းများမှ အမျိုးသား လှေအသင်း ရှစ်သင်းနှင့် အမျိုးသမီး လှေအသင်း ခုနစ်သင်းတို ပါဝင် ယှဉ်ပြိုင်ကြသည်။

“ဒီပြိုင်ပွဲကြီးကို ကျင်းပပေးရတဲ့ ရည်ရွယ်ချက် များကတော့ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးကို အထောက် အကူ ပြုစေရေး၊ မျိုးဆက်သစ် လှေလှော် အားကစား သမားများ ပေါ်ထွက်လာစေရေး၊ လှေလှော် အားကစား နည်းကို ပြည်သူ အများ စိတ်ဝင်စားမှု ရှိလာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လှေလှော် အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး နဲ့  လှေလှော် အားကစား အဆင့်အတန်း တိုးတက် မြင့်မားလာစေရေး တို့ အတွက်ပဲ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က လှေလှော်ပြိုင်ပွဲ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မန္တလေး ကျုံးအတွင်း လှေလှော် ပြိုင်ပွဲများကို ၁၉၈၉ - ၁၉၉၀ ခုနှစ်တွင် နောက်ဆုံး ကျင်းပခဲ့ပြီး နှစ်ပေါင်း ၂၆ ခန့် ကြာမှ ယခုကဲ့သို့ ပြန်လည် ကျင်းပနိုင်သည့် အတွက် ထူးခြား ဂုဏ်ပြုဖွယ် ပြိုင်ပွဲတစ်ခု ဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်က ဖြည့်စွက် ပြောခဲ့သည်။

ထိုပွဲသို့ မန္တလေး မြို့ တော်ဝန် ဒေါက်တာ ရဲလွင်၊ မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝင်များ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ လှေလှော် အဖွဲ့ ချုပ် ဥက္ကဋ္ဌ နှင့် တာဝန် ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။  (Xinhua)