အရှေ့တောင်အာရှရှိ သိပ္ပံနည်းပညာ ထူးချွန်လူငယ်များအတွက် ဇီဝမျိုးကွဲ သုတေသန အင်စတီက

2016-10-13 10:52:05 |သတင်းအရင်းအမြစ် 新华网












နေပြည်တော်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှမှ သိပ္ပံနှင့် နည်းပညာ ထူးချွန်လူငယ်များအား ဒေါက်တာဘွဲ့ နှင့် မဟာဘွဲ့ များ ဆက်လက် သင်ယူနိုင်စေရန် မွမ်းမံသင်တန်းများ ပို့ချပေးမည့် SABRI (Southeast Asia Biodiversity Research Institute) အား မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်သို့ လွှဲအပ်သည့် အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်၊ သစ်တော သုတေသနဌာန၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်အနီးရှိ အဆိုပါ SABRI အဆောက်အအုံရှေ့တွင် ယနေ့ နံနက်ပိုင်း၌ ကျင်းပခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာ အကယ်ဒမီ ( Chinese Academy of Sciences) နှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း တည်ထောင်သည့် SABRI တွင် တိရစ္ဆာန် အပြုအမူနှင့် ဇီဝမျိုးစိတ်ကွဲများ၊ ရေနေ သတ္တဝါ ဇီဝမျိုးစိတ်ကွဲများ၊ တိုင်းရင်း ဆေးဝါးများနှင့် လူမျိုးစု အပင်များနှင့် အပင်မျိုးစိတ်ကွဲများ ဆိုင်ရာ လက်တွေ့စမ်းသပ်ခန်း လေးခန်းတို့ ပါဝင်ပြီး အရှေ့တောင်အာရှ ဒေသရှိ သိပ္ပံနှင့် နည်းပညာ ထူးချွန်သော လူငယ်များအား ခေါ်ယူလက်ခံ လေ့ကျင့်ပေးကာ မဟာဘွဲ့ နှင့် ဒေါက်တာဘွဲ့များကို ဆက်လက် သင်ယူစေမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာ အကယ်ဒမီ၊ အရှေ့တောင်အာရှ စင်တာ ဌာနမှူး သုတေသီ ချိန်ကျင့် (Chen Jin) က ယနေ့ အခမ်းအနားတွင် ပြောခဲ့သည်။

 ထို့အပြင်  အရှေ့တောင်အာရှ စင်တာရုံးအား ၁၀ နှစ်တာ ကာလ အတွင်း အရှေ့တောင်အာရှ ဒေသ ဇီဝ မျိုးစိတ်ပေါင်းစုံ သုတေသနနှင့် ထိန်းသိမ်းရေး ကဏ္ဍများတွင် နိုင်ငံတကာ၌ သြဇာရှိသည့် သိပံ္ပနှင့် ပညာရေး ဆိုင်ရာ Platform ဖြစ်ရန် ဆောင်ရွက်သွားမည် ဟုလည်း ဖြည့်စွက် ပြောခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာ အကယ်ဒမီ ဥက္ကဋ္ဌ မစ္စတာ ပိုင်ချွမ်းလီ (Bai Chunli) ကလည်း “မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသသည် ကမ္ဘာပေါ်ရှိ သက်ရှိအမျိုးအစား အများပြားဆုံးသော ဒေသတစ်ခု ဖြစ်ပြီး တစ်ပြိုင်နက်တည်းတွင် သိပ္ပံသုတေသနနှင့် ထိန်းသိမ်းရေး လုပ်ငန်း အချို့တဲ့ဆုံးသော ဒေသ ဖြစ်ကြောင်း ၊ အရှေ့တောင်အာရှ စင်တာ ဖွင့်လှစ်ခြင်း အားဖြင့် ဇီဝမျိုးစုံသုတေသန နှင့် ထိန်းသိမ်းမှု လုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် ပုံစံသစ်တစ်ခု ဖြစ်ပေါ်စေလာနိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေခြင်း ထိစပ်နေသည့် နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ဒေသ ဖြတ်ကျော် သက်ရှိ မျိုးပေါင်းစုံ ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ရေးသည် အတူတကွ ရင်ဆိုင်ရသော ကိစ္စရပ် ဖြစ်ကြောင်း ပြောခဲ့သည်။

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံနှင့် ဗဟိုအဖြစ်ထားရှိပြီး အရှေ့တောင် အာရှနှင့် “Belt and Road” လမ်းကြောင်း တလျှောက်ရှိနိုင်ငံများတွင် ဇီဝမျိုးစိတ်ကွဲများ သုတေသန ပြုလုပ်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်နှင့် ဒေသတွင်း သိပ္ပံပညာ တစ်သားတည်း ဖြစ်တည်ရေး ဟူသည့် ရည်ရွယ် ချက်များဖြင့် ၂၀၁၃ ခုနှစ်တွင် နှစ်နိုင်ငံ MoU ထိုးပြီး စတင် ဆောင်ရွက်ခဲ့သည့် အဆိုပါ SABRI  အဆောက် အအုံ သစ်ကို ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ သိပ္ပံ စက်ကိရိယာများ၊ ဓာတ်ခွဲခန်းများ ပါဝင်သည့် လက်တွေ့  စမ်းသပ်ခန်းများ တပ်ဆင်ခြင်းကို ၂၀၁၆ စက်တင်ဘာလတွင် ပြီးစီးခဲ့သည့် အတွက် ယနေ့ နံနက်တွင် ယခုကဲ့သို့ SABRI အဆောက်အအုံ လွှဲပြောင်းသည့် အခမ်းအနားကို ဆောင်ရွက်ကြခြင်း ဖြစ်သည်။

အဆိုပါ အင်စတီကျုနှင့် ပတ်သက်ပြီး ထိုအခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် (Hong Liang) က “တရုတ် နိုင်ငံရဲ့ ပြင်းပြသောဆန္ဒ တစ်ခု အနေဖြင့် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် ခေတ်သစ် ပိုးလမ်းမကြီး (Belt and Road Initiative) လမ်းကြောင်း တစ်လျှောက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား တရုတ်နိုင်ငံရဲ့ အတွေ့အကြုံ တွေကို မျှဝေသွားလိုပါတယ်၊ လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များအား ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက် စေလိုပါတယ်၊ ဒါဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနဲ့ နည်းပညာ အကယ်ဒမီရဲ့ မြန်မာနိုင်ငံမှာ တည်ထောင်တဲ့ ပထမဆုံးသော ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပြီး အရှေ့တောင် အာရှမှာလည်း ဒါက ပထမဦးဆုံး ဖြစ်ပါတယ်” ဟု ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက “Chinese Academy Sciences (CAS)  ဟာ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့  ဝန်ကြီးဌာန နဲ့ MoU ထိုးလိုက်ကတည်းက ကျွန်တော်တို့ နိုင်ငံအတွက် အရေး အပါဆုံး အဖွဲ့ အစည်း ဖြစ်လာခဲ့ပါတယ်၊ CAS ရဲ့ကြီးမားတဲ့ အထောက်အပံ့မပါဘဲနဲ့ဒီနေ့  SABRI  ဖြစ်မလာနိုင်ပါဘူး၊ အခု အင်စတီကျုဟာ သစ်တော သုတေသနဌာန အတွက်ရော သစ်တောဦးစီးဌာန ဝန်ထမ်းတွေ အတွက်ပါ စွမ်းဆောင်ရည် မြင့်မားလာစေဖို့  အခွင့်အလမ်းကောင်းတွေ ရလာပါတယ်၊ နှစ်နိုင်ငံက အင်စတီကျု နှစ်ခုစလုံးဟာ နည်းပညာနဲ့ စွမ်းဆောင်ရည် တိုးတက်မှုအတွက် အာရှမှာ အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်း၏ ကျေးဇူးတင် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 လောလောဆယ်တွင် မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသားအချို့အား မဟာဘွဲ့ နှင့် ဒေါက်တာဘွဲ့  အတွက် စကောလားရှစ်ဖြင့် တရုတ်နိုင်ငံတွင် သင်ကြားပေးလျက် ရှိရာ မဟာဘွဲ့ အတွက် လေးဦးနှင့် ဒေါက်တာဘွဲ့ အတွက် တစ်ဦးဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ SABRI  သည် အရှေ့တောင်အာရှ နိုင်ငံအသီးသီးမှ ဘွဲ့ရ ကျောင်းသားကျောင်းသူ ၁၃ ဦးအား ရွေးချယ်ပြီး ထိုသူတို့သည် Chinese Academy of Sciences တွင် မဟာသိပ္ပံတန်း၌ တက်ရောက်လျက် ရှိကြောင်း သိရသည်။  (Xinhua)