၂၂ ကြိမ်မြောက် အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအတွက် ရခိုင်ယိမ်းနှင့် ကရင်ယိမ်းကို ပြ

2016-10-19 15:09:14 |သတင်းအရင်းအမြစ် 新华网

နေပြည်တော်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာတိုင်းရင်းသားတို့၏ ၂၂ ကြိမ်မြောက် ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်တွင် ယနေ့ ကျင်းပခဲ့ရာ ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ နာယက၊ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက အဖွင့် မိန့်ခွန်း ပြောကြားခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ 

 မြန်မာတိုင်းရင်းသားတို့၏ ၂၂ ကြိမ်မြောက် ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအတွက် ရခိုင်တိုင်းရင်းသား ယိမ်းအကနှင့် ကရင် တိုင်းရင်းသား ယိမ်းအကတို့ကို ပြိုင်ပွဲ၏ ပြည်ထောင်စုအက အဖြစ် သတ်မှတ်ကာ ကျန်တိုင်းရင်းသားများကပါ ထိုအက နှစ်မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် စီစဉ်ထားသည်ဟု ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုကလည်း ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

၂၂ ကြိမ်မြောက် ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

“ဒုတိယ သမ္မတကြီးရဲ့ လမ်းညွှန်ချက်အရ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ထားဝယ် တိုင်းရင်းသားတွေရဲ့ထင်ရှားတဲ့ ရိုးရာအကတွေထဲက နှစ်မျိုးကို ဒီပြိုင်ပွဲရဲ့ ပြည်ထောင်စု အက အဖြစ် သတ်မှတ်ဖို့ ကြိုတင် မဲနှိုက်ရာမှာ ရခဲ့တဲ့ ရခိုင်တိုင်းရင်းသား ယိမ်းအကနဲ့  ကရင်တိုင်းရင်းသား ယိမ်းအကတွေနဲ့  အားလုံးက ပါဝင် ယှဉ်ပြိုင် ရပါမယ်” ဟုလည်း ၎င်းက ပြိုင်ပွဲ ကျင်းပရန် စီစဉ်ထားရှိပုံများကို ရှင်းလင်း တင်ပြရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုနှစ် ပြိုင်ပွဲဝင် ဦးရေမှာ အမျိုးသား ၇၂၂ ဦး၊ အမျိုးသမီး ၁,၀၄၄ ဦး၊ စုစုပေါင်း ၁,၇၆၆ ဦး ရှိကြောင်းသိရသည်။

 အဆိုပါ ဖွင့်ပွဲသို့ မြန်မာတိုင်းရင်းသားတို့၏ ၂၂ ကြိမ်မြောက် ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ နာယက၊ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်အတူ လွှတ်တော် ဥက္ကဋ္ဌများနှင့် အခြား ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင်များ၊ ပြည်နယ်နှင့် တိုင်း အသီးသီးမှ ပြိုင်ဝင်ကြမည့် မျိုးဆက်သစ် အနုပညာရှင်များ၊ အနုပညာ နည်းပြဆရာများ၊ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။  (Xinhua)