အမြန် တီထွင်ပြီး အများအတွက် ကြိုးစားကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြေ

2016-10-24 17:01:37 |သတင်းအရင်းအမြစ် 新华网

နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တီထွင်နိုင်စွမ်းရှိကြသည့် လူငယ် လုပ်ငန်းရှင်များ အနေဖြင့် တီထွင်နိုင်သည့် စွမ်းရည် အမြင့်ဆုံးဖြစ်သည့် လူငယ်ဘဝတွင် အမြန်တီထွင်ကြရန်နှင့် ထိုသို့ တီထွင်သည့် အခါ မိမိတစ်ဦးတည်း အကျိုးစီးပွားအတွက် မဟုတ်ဘဲ နိုင်ငံ့ အနာဂတ်အတွက်ပါ အားထည့် ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“တီထွင်မှု စွမ်းရည်ဟာ အသက် ၂၅ နှစ်မှာ ရပ်သွားတယ်လို့ စိတ္တဗေဒ ပညာရှင်တွေက ပြောတယ်၊ လူငယ်ရဲ့ အားသာချက်က တီထွင်နိုင်ခြင်းပဲ။ လူငယ်လုပ်ငန်းရှင်များဟာ တီထွင်တဲ့နေရာမှာ စိတ်ဓာတ်အသစ်တွေ မွေးတဲ့ နေရာမှာ စောစောစီးစီး တတ်နိုင် သမျှတိုးတက်အောင်လို့ လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်၊ တီထွင်တဲ့ နေရာမှာ ကိုယ့်တစ် ယောက်ထဲ အတွက်မဟုတ်ဘဲနဲ့ ကိုယ့်နိုင်ငံ အနာဂတ် အတွက်ပါ အားထည့် ကြိုးစားစေချင်တယ်” ဟု ယနေ့မွန်းလွဲပိုင်း နေပြည်တော် MICC-2 တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် 1th Myanmar Entrepreneurship Summit 2016 အခမ်းအနား၌ လမ်းညွှန်စကား ပြောကြားရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်က “ပစ္စုပ္ပန်မှာ ကျွန်မတို့ ကြိုးပမ်းချက်အရ ကမ္ဘာ့အလယ်မှာ တင့်တယ် နိုင်ပါတယ်၊ ကမ္ဘာ့အလယ်မှာ တင့်တယ်တယ်ဆိုတာ သူများကို ကြွားချင်လို့ မဟုတ်ပါဘူး၊ သူများနိုင်ငံအပေါ်ကို အနိုင်ယူ ချင်လို့ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ နိုင်ငံသူ နိုင်ငံသားများဟာ ဒီနိုင်ငံသားဖြစ်ရတဲ့ကိစ္စကို ဂုဏ်ယူစေချင်လို့ ကျွန်မတို့ နိုင်ငံအတွက် စိတ်အားထက်သန်စေချင်လို့ ဖြစ်ပါတယ်၊ မျိုးချစ်စိတ်ဆိုတာက စာတန်းလေး ချိတ်ပြီး ကိုယ့်နိုင်ငံကို ချစ်ပါလို့ ပြောနေရုံနဲ့ မရပါဘူး၊ မျိုးချစ်စိတ်ဆိုတာ ကိုယ့်နိုင်ငံ ကိုယ့်အမျိုး ကိုယ့်ပြည်သူ ပြည်သားတွေကို ချစ်ခင်လေးစားတဲ့စိတ် ဆိုတာ ချစ်ခင်လေးစားဖွယ်အသိုင်းအဝိုင်းမှာပဲ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်များဟာ မိမိတို့ရဲ့ လုပ်ငန်းများအောင်မြင်အောင် လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ နိုင်ငံဟာ ဂုဏ်ယူဝင့်ကြွားဖွယ်ရာဖြစ်ဖို့  ကြိုးစားစေချင်ပါတယ်” ဟုလည်း တိုက်တွန်း ပြောကြားခဲ့သည်။

အားလုံး ပါဝင်၍ ရေရှည် တည်တံ့ ဖွံ့ ဖြိုး တိုးတက်သော မြန်မာနိုင်ငံအတွက် သော့ချက် မူဝါဒ စာတမ်းများနှင့် အကြံပြုချက်များကို ဖတ်ကြား တင်သွင်းသည့် 1th Myanmar Entrepreneurship Summit 2016 သို့  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ၊ အစိုးရ အဖွဲ့ ဝင် အရာရှိကြီးများ၊ သံတမန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေး အဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် စိတ်ပါဝင်စားသော ပြည်သူများ၊ စုစုပေါင်း ရှစ်ရာကျော်ခန့်  တက်ရောက်ခဲ့ကြ သည်။ (Xinhua)